ရုပ်ရှင်အဖြစ် အသက်ဝင်လာတော့မည့် Power Rangers

ပို့စ်တင်ချိန် - 5/09/2014 02:31:00 PM




ကလေးများ၏ စိတ်ကူးယဉ် သူရဲကောင်းများအဖြစ် ရုပ်မြင်သံကြား ဖန်သားပြင်ထက်တွင် နှစ်ပေါင်း(၂၀)ကျော် ရပ်တည်ခဲ့ပြီးသည့်နောက် Power Rangersတို့ ပိတ်ကားထက်သို့ အရောက်လှမ်းလာတော့မည် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကျော် ကတည်းက ဇာတ်လမ်းတွဲများအဖြစ် ပုံစံအမျိုးမျိုး ပြောင်းလဲရိုက်ကူးလာသည့် Power Rangers သိပ္ပံလူစွမ်းကောင်းများကို ရုပ်ရှင်အနေဖြင့် အသက်သွင်းရန် စီစဉ်နေပြီဟု Lionsgateက ကြေညာခဲ့သည်။ Power Rangers ဇာတ်လမ်းတွဲများ၏ မူပိုင်ခွင့်ကို ချုပ်ကိုင်ထားသည့် Saban Brands ကုမ္ပဏီနှင့် ပူးပေါင်းကာ ရုပ်ရှင်ရိုက်သွားမည်ဖြစ်ကြောင်း Lionsgateမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Power Rangers ဇာတ်ရုပ်များတွင် အသွင်ကွဲ အမျိုးမျိုး ရှိနေရာ ရုပ်ရှင်အဖြစ် ရိုက်ကူးရန်အတွက်မူ (၁၉၉၃)ခုနှစ်က အမေရိကန်တွင် စတင်ပြသသည့် Mighty Morphin Power Rangersကိုသာ အခြေခံ ရွေးချယ်ဖွယ် ရှိနေကြောင်းလည်း သိရသည်။ Power Rangers ဇာတ်လမ်းတွဲများသည် ဂျပန်၏ နာမည်ကျော် Super Sentai ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများကို ဆင့်ပွား ဖန်တီးယူထားခြင်း ဖြစ်သည်။ ကွဲပြားသည့် စွမ်းအင်အမျိုးမျိုး ရှိကြသည့် သိပ္ပံလူစွမ်းကောင်းများသည် တစ်ဦးချင်း ကိုယ်စားပြု အရောင်များနှင့် ဝတ်စုံများကို ဆင်မြန်းကာ မကောင်းဆိုးရွားများကို တိုက်ခိုက်နှိမ်နင်းပုံမျိုးကို Power Rangers ဇာတ်လမ်းများတွင် တွေ့မြင်ရမည် ဖြစ်သည်။

Power Rangers ဝတ်စုံများ၊ ကာတွန်းစာအုပ်များ၊ အရုပ်များသည် တစ်ကမ္ဘာလုံးမှ ကလေးငယ်များအတွက် အလိုချင်ဆုံး ကစားစရာပစ္စည်းများအဖြစ်လည်း ရပ်တည်ခဲ့ဖူးသည်။ ယခုရိုက်ကူးမည့် ရုပ်ရှင်ကို Power Rangers: Super Megaforceဟု ယာယီအမည်ပေးထားကြောင်းလည်း သိရသည်။ Power Rangers ဇာတ်လမ်းတွဲများကို စတင်ဖန်တီးခဲ့သည့် ဟိုင်းဆာဘန်က “Lionsgateရဲ့ ဖန်တီးမှုဟာ ဂန္ထဝင် ဇာတ်လမ်းတွဲလို ဖြစ်ခဲ့တဲ့ Power Rangersတွေအတွက် အမှတ်ရစရာ ရုပ်ရှင်မျိုး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားသွားသည်။


Planet myanmar network