ဆိုရှယ်နက်ခ်ဝက်ပေါ်မှာ စိတ်ပျက်စရာအကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ပို့စ်များ

ပို့စ်တင်ချိန် - 5/09/2014 09:59:00 PM


မေသော်

ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်နက်ခ်ဝက်တွေမှာ ကိုယ်တင်လိုက်တဲ့ ပို့စ်တွေ၊ ဓာတ်ပုံတွေဟာ လူတွေကို စိတ်ပျက်စေပါသလား။ ဒါမှမဟုတ် တခြား user တွေလို Like အရေအတွက်မရဘဲ နည်းနေတာမျိုးတွေ ကြုံဖူးပါသလား။ အမှန်တော့ ဖေ့စ်ဘွတ်ခ်လို နေရာမျိုးမှာ ကိုယ့်အကြောင်းတွေ နေ့တိုင်းရေးပြီးတင်နေခြင်းဟာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်လွန်းလှပါတယ်။ ဒါပေမယ့်လို့ ကိုယ်က မင်းသား၊ မင်းသမီး မဟုတ်တောင်မှ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းကို သူများတွေ ဖတ်ချင်လာ အောင်၊ ဒါမှမဟုတ် စိတ်ဝင်စားလာအောင် ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းမှာ နာမည်ကောင်းလေးရလာအောင်တော့ ကိုယ့်ဘက်က ပြသနိုင်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ Like အများကြီးရတာဟာ ဘ၀မဟုတ်ပေမယ် ကိုယ်တင်လိုက်တဲ့ Post တွေက လူဟားစရာဖြစ်နေရင်တော့ ဘယ်ကောင်းမလဲနော်။ လေ့လာသူတစ်ချို့ရဲ့ စစ်တမ်းအရတော့ ဖေ့စ်ဘွတ်ခ်ပေါ်က ဒီလိုလူမျိုးတွေရဲ့ပို့စ်တွေက နည်းနည်း အာရုံနောက်စရာကောင်းတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုပို့စ်မျိုးတွေ၊ စတေးတပ်စ်မျိုးတွေ ဆိုတာကြည့်ကြည့်ရအောင်။

၁။အရည်မရ အဖတ်မရ စတေးတပ်စ်မျိုးတွေ ။

ဘာအကြောင်းအရာမှ မယ်မယ်ရရမရှိဘဲ ‘ကော်ဖီသောက်မလို့ပါဆိုမှ ကော်ဖီမှုန့်က မရှိတော့ပြန်ဘူး’ ၊ ‘အိမ်မှာလည်း ရှုပ်ပွနေတာပဲ ဘယ်ကစရှင်းရင် ကောင်းမလဲ’၊ ‘အိမ်က အဲယာကွန်းက အလုပ်မလုပ်တော့ဘူး’ စတာမျိုးတွေကို စတေးတပ်စ်အနေနဲ့ တင်နေမယ့်အစား တခြား အကျိုးရှိတဲ့ စာတိုပေစလေးတွေ၊ သီချင်းလေးတွေ တင်တာကမှ ကိုယ်နဲ့တခြား သူငယ်ချင်းတွေနဲ့ အမြင်ဖလှယ်လို့ ရပါသေးတယ်။ အရည်မရ အဖတ်မရ စတေးတပ်စ်မျိုးတွေ လူမျိုးတွေဟာ ကိုယ့်ကိုလူတွေ သတိထားမိအောင် အတင်းလုပ်ယူနေတဲ့ သူတွေဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

၂။ဘယ်နေရာမှာ ရှိတဲ့ဆိုတဲ့အကြောင်း တစ်နေ့ကို သုံးလေးခါ check in ၀င်တာမျိုးတွေ။

ကိုယ်ရောက်နေတဲ့ နေရာက ကော်ဖီဆိုင်အမိုက်စားဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မနေ့ကလည်း ဒီနေရာ ရောက်လို့ check-in ၀င်ထားပြီးပြီ၊ ဒီနေ့လည်း ထပ်ဝင်ပြန်ပြီ။ နောက်နေ့ နောက်ကော်ဖီဆိုင်သွားဖြစ်ရင်လည်း check -in ၀င်ဦးမှာပဲ။ ဒီလိုလူမျိုးတွေကလည်း သူများတွေအတွက်တော့ ဟာသပါပဲ။ သိထားရမှာက ဘယ်သူကမှ ၂၄နာရီလုံးလုံး သင်ဘယ်မှာရှိနေတယ်ဆိုတာကို စိတ်မ၀င်စားပါဘူး။

၃။စတေးတပ်စ်တွေတင်တဲ့အခါ ၊ ပို့စ်တစ်ခုခုလုပ်တဲ့အခါ စာလုံးပေါင်းမှန်အောင် မပေါင်းနိုင်တာမျိုးတွေ။

ဘယ်ဘာသာနဲ့ပဲရေးရေ ကိုယ်ရေးပြီး တင်လိုက်တဲ့ စတေးတပ်စ်လေးက စာလုံးပေါင်းမှန်နေတော့ မကောင်းဘူးလား။ အမှားပေါင်းတစ်သိန်းခြောက်သောင်းနဲ့ စာမျိုးကို ဘယ်သူကမှ မဖတ်ချင်ပါဘူး။ ကိုယ်ကတော့ ဘာဖြစ်ဖို့ ဘာလုပ်ပါ၊ ဘာလုပ်ရင် ဘယ်လို အကျိုးရှိမယ်ဆိုတဲ့ စာသားမျိုးတွေ ရေးနေ၊ တင်ဖို့ အသည်းအသညန်ကြိုးစားနေပေမယ့် စားလုံးပေါင်းကျတော့ မှားနေတာမျိုးဆိုရင်တော့ ကိုယ့်စာကို ဖတ်တဲ့သူတွေအတွက် ဝေဖန်စရာပဲပေါ့။

၎။နိုင်ငံရေးအကြောင်းအရာတွေကိုလည်း မသိပဲနဲ့ ၀င်ရေး၊ ၀င်ယောင်တာမျိုးတွေ။

ကိုယ်က နိုင်ငံရေးအကြောင်း ဘာမှဂဃနဏမသိဘဲ ၀င်ယောင်တာမျိုးရှောင်ပါ။ သိတယ်ဆိုရင်တောင် ကိုယ်သိနေတာတွေက အမှန်ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာ သေသေချာချာဆန်းစစ်ဖို့ လိုတာကြောင့် သေချာမှ ပြောပါ။

၅။selfie ဓာတ်ပုံတွေ မနားတမ်းရိုက်ပြီး post လုပ်တာမျိုးတွေ။

အလှပုံ selfie တွေ စိတ်ကြိုက်ရိုက်ပြီး တစ်နေ့ လေး၊ ငါးပုံ တင်ခြင်းမျိုးလည်း မလုပ်ပါနဲ့။ အဲ့ဒီလို selfie ပုံတွေ မနားတမ်းတင်ခြင်းဟာ ကျွန်မဓာတ်ပုံအောက်မှာ ရှင်တို့ like တွေမှ မမြင်ရရင် ကျွန်မနေရတာ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှုမရှိတော့လို့ပါ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်။

Ref:yourtango.com
Trend Myanmar