မြန်မာနိုင်ငံတွင် Western Union မှ ငွေလွှဲအေးဂျင့်နေရာပေါင်း ၄၆၀ထိ တိုးချဲ့ထား

ပို့စ်တင်ချိန် - 5/09/2014 10:04:00 PM


သီဟကိုကို

ရန်ကုန်၊ မဇ္ဈိမ။ ။ နိုင်ငံတကာ ငွေလွှဲကုမ္ပဏီ Western Union နှင့် ပြည်တွင်းဘဏ် (၉)ခု ချိတ်ဆက်ကာ မြန်မာတစ်နိုင်ငံလုံးတွင် ငွေလွှဲအေးဂျင့်နေရာပေါင်း (၄၆၀)အထိ တိုးချဲ့ ၀န်ဆောင်မှုပေးနေသည် ဟု Western Union မှ တာဝန်ရှိသူများက ပြောသည်။

မေလ ၉ ရက်တွင် ပြုလုပ်သည့် Western Union ကုမ္ပဏီ၏ မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ၁ နှစ်ပြည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

Western Union သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ငွေလွှဲခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံတွင် တရားဝင် ၀န်ဆောင်မှုလုပ်ငန်းများ စတင်ခဲ့ပြီး ပြည်တွင်ဘဏ်များနှင့် ချိတ်ဆက်ကာ
ငွေလွှဲအေးဂျင့် (၁၀၀) ကျော်နှင့် စတင်လုပ်ငန်းကိုင်ခဲ့သည်။

Western Union မှ အင်ဒိုချိုင်းနားနှင့် မြန်မာနိုင်ငံ၏ Regional Director Ms.Ly Nguyen က “ Western Union ဟာ မြန်မာကို ကမ္ဘာနဲ့ချိတ်ဆက်ပေးခြင်းဖြင့် အခွင့်အလမ်းကောင်းများနဲ့
လမ်းကြောင်းအသစ်များကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအရ အခက်အခဲဆုံးနှင့် တောင်တန်းဒေသဖြစ်သည့် ချင်းပြည်နယ်ကို ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု ရစေရန်အတွက် Western Union နှင့် သမ၀ါယမဘဏ်တို့ပူးပေါင်းကာ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

နိုင်ငံတကာငွေလွဲခြင်းသည် နိုင်ငံခြားရောက်မြန်မာများနှင့် ယင်းတို့၏ မိသားစုများအတွက် လိုအပ်သည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၄၃နိုင်ငံမှ ပေးပို့သည့်ငွေကို Western Union မှ တစ်ဆင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများ ရရှိနိုင်မည်ဟု Western Union မှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံရှိ Western Union ၏ အေးဂျင့်ဘဏ်များမှာ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ Global
Treasure ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူနိုင်တက်အမရာဘဏ်နှင့် ရိုးမဘဏ်တို့ ဖြစ်သည်။

Mizzima Burmese