ခရီးစဉ်တစ်ခေါက်လျှင် အာမခံကြေး ကျပ် ၃၀၀ ကျသင့်ပြီး ထိခိုက်မှုရှိပါက အဆတစ်သောင်း ပြန်လျော်ပေးမည့် အဝေးပြေးအမြန်လမ်းမကြီးများ ဆိုင်ရာ အထူးခရီးသွားအာမခံကို မထားမနေရစနစ် မဟုတ်ဘဲ ဆန္ဒအလျောက်သာထားရှိရန် သတ်မှတ်

ပို့စ်တင်ချိန် - 5/09/2014 04:19:00 PM


အဝေးပြေးအမြန်လမ်းမကြီးများ ဆိုင်ရာအထူးခရီးသွားအာမခံကို မထားမနေရ စနစ်မဟုတ်ဘဲ ခရီးသွားလာသူ၏ ဆန္ဒအလျောက်သာထားရှိရန် သတ်မှတ်ခဲ့ကြောင်း ပုဂ်္ဂလိကအာမခံလုပ်ငန်းတစ်ခုဖြစ်သော ဧရာဝတီအာမခံကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က ပြောသည်။

“ပထမတော့ မထားမနေရစနစ် သတ်မှတ်ဖို့လုပ်ပေမယ့် နောက်ဆုံးအစည်းအဝေးမှာ ဆန္ဒအလျောက်ပဲ ထားရှိဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ခရီးသွားတွေ အာမခံထားချင်စိတ်ဖြစ်လာအောင်စည်းရုံးပြီး လုပ်ဆောင်သွားဖို့ ဒုဝန်ကြီးက ပြောတယ်” ဧရာဝတီအာမခံ ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဇော်က ဆက်လက်ပြောသည်။

အထူးခရီးသွားအာမခံကို မေ ၈ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး အဝေးပြေး အမြန်လမ်းမကြီးများတွင် ခရီးသွားလာသူများ အဆင်ပြေစေရန်နှင့် အာမခံချက်ရှိသည့် အကာအကွယ်ရရှိရန်အတွက် ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုသို့ရောင်းချရန်အတွက် အာမခံလုပ်ငန်းသည် အဝေးပြေးမော်တော်ယာဉ်လိုင်းများနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါအာမခံအရ ခရီးစဉ်တစ်ခေါက်အတွက် အာမခံကြေး ကျပ် ၃၀၀ ကျသင့်မည်ဖြစ်ပြီး မိုင် ၁၀၀ အထက် ခရီးစဉ်များသာ အကျုံးဝင်မည်ဖြစ်သည်။ အကျိုးခံစားခွင့်အနေဖြင့် အများဆုံး ကျပ်သိန်း ၃၀ (အာမခံကြေး၏အဆတစ်သောင်း) ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအတွက် ဆေးကုသစရိတ် အများဆုံးကျပ် ၂၄သိန်းအထိ ခံစားခွင့်ရရှိမည်ဖြစ်သည်။

ခရီးသွားလာသူများသည် အထူးခရီးသွားအာမခံကို အဝေးပြေးမော်တော်ယာဉ်ဂိတ်များတွင် လက်မှတ်ဝယ်ယူသည်နှင့် တစ်ပြိုင်နက် ဆန်္ဒအလျောက်ဝယ်ယူနိုင်မည်ဖြစ်ပြီး လူတစ်ဦးလျှင် နှစ်ယူနစ်အထိဝယ်ယူနိုင်သည်။ အဆိုပါ အထူးခရီးသွား အာမခံကို စင်းလုံးငှားယာဉ် (သို့မဟုတ်) ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားလာသူများအနေဖြင့်လည်း နှစ်ယူနစ်အထိ ၀ယ်ယူနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အထူးခရီးသွားအာမခံရောင်းချခြင်းကို မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ်္ဂလိက အာမခံကုမ္ပဏီများ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး အာမခံရောင်းချခြင်းနှင့် ပေးလျော်ခြင်းများတွင် ထက်ဝက်စီတာဝန်ယူမည်ဖြစ်သည်။ အဝေးပြေးမော်တော်ယာဉ်လိုင်းများအနေဖြင့်လည်း အာမခံကြေး၏ ၁၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။
Mizzima