အေးရှား ဝေါလ်ကုမ္ပဏီ က နေပြည်တော် လေဆိပ် ဆောက်ရန် နိုင်ငံတော် ထံမှ ဒေါ်လာသန်း ၂၀ ချေးယူ သုံးစွဲ ထားပြီး ၂၀၁၁ ခုနှစ်က တည်းက အကျေဆပ်ရမည်ကို စာချုပ် စည်းကမ်း ဖောက်၍ ယခုအထိ အကျေ ပြန်မဆပ် သေး

ပို့စ်တင်ချိန် - 4/22/2014 08:15:00 AM


Written by: မာန်သူရှိန်
အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က ချေးငွေရယူ တည်ဆောက်ထားသည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ်

အေးရှားဝေါလ်ကုမ္ပဏီ၏ ကုမ္ပဏီခွဲ တစ်ခုဖြစ်သည့် ရှေ့ဆောင်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရန် ပြည်သူ့ဘဏ္ဍာငွေထဲမှ ဒေါ်လာ သန်း ၂၀ (ကျပ်သိန်းပေါင်း ၁၉ သိန်းကျော်၊ တစ်ဒေါ်လာ ၉၇၀ ကျပ်နှုန်းဖြင့်) ကို ချေးယူသုံးစွဲထားပြီး ၂၀၁၁ ခုနှစ်တွင် ပြန်လည်ပေးဆပ်ရမည်ကို ယခုအထိ ပြန်မဆပ်သေးကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အေးရှားဝေါလ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲမှ တည်ဆောက်ရာတွင် တရုတ်နိုင်ငံ EXIM Bank မှ ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးဖြင့် ဒေါ်လာသန်း ၂၀၀ ဖြင့် တည်ဆောက်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ EXIM Bank မှ ဒေါ်လာ သန်း ၂၀၀ ချေးငွေမရရှိမီ လုပ်ငန်းစတင် အကောင်အထည် ဖော်နိုင်ရန်အတွက် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြည်သူ့ဘဏ္ဍာထဲမှ ဒေါ်လာသန်း ၂၀ ကို ၅ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေးပေးခဲ့သည်။

ထုတ်ချေးရာတွင် တရုတ်နိုင်ငံ EXIM Bank မှ ချေးငွေ ဒေါ်လာသန်း ၂၀၀ ရသည်နှင့် ပြည်သူ့ဘဏ္ဍာထဲမှ ထုတ်ချေးပေးထားသော ဒေါ်လာသန်း ၂၀ နှင့် အတိုးကို တစုတစည်းတည်း ပြန်လည်ပေးဆပ်မည်ဟု စာချုပ်တွင် သဘောတူညီ ထားခြင်းဖြစ်သည်။

သို့သော် EXIM Bank မှ ချေးငွေ ဒေါ်လာသန်း ၂၀၀ ကို ၂၀၁၁ ခုနှစ်ကတည်းက ရရှိသော်လည်း နိုင်ငံတော်သို့ ပြန်ဆပ်ရမည့် ဒေါ်လာသန်း ၂၀ နှင့်အတိုးကို ယခုအထိ အကျေပြန်လည် ပေးဆပ်ခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာထဲမှ ဒေါ်လာသန်း ၂၀ အ ပြင် Advance Payment အဖြစ်ဒေါ်လာ ၃၅ သန်းကျော် ကိုလည်း ၅ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့်ပင် စိုက်ထုတ်ပေးထား ခဲ့သည်ဟု သိရသည်။

ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်) သည် တရုတ်နိုင်ငံ EXIM Bank ထုတ်ချေးထားသော ဒေါ်လာသန်း ၂၀၀ အတွက်မူ ပေးဆပ်ရမည့် နှစ်မှစ၍ ပြန်ဆပ်ရမည့် အတိုးအရင်း ပမာဏအတိုင်း ပြန်လည်ပေးဆပ် လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ချေးယူထားသည့် ဒေါ်လာသန်း ၂၀ အပေါ်၌သာအကျေ ပြန်မဆပ်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်ဆပ်ရမည့် ဒေါ်လာသန်း ၂၀ နှင့် အတိုး စုစုပေါင်းကို ၂၀၁၄ ခုနှစ် မတ်လကုန်ပိုင်း ရောက်သည်အထိ အကျေအလည် ပြန်မဆပ်သည့်အတွက် ချေးငွေပြန်လည် ပေးဆပ်ရေးအတွက် ကုမ္ပဏီအား ခေါ်ယူညှိနှိုင်း ခဲ့ရကြောင်း သိရသည်။

ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီလီမိတက် (အေးရှားဝေါလ်) မှ ဒေါ်လာသန်း ၂၀ အပေါ် လစဉ်အရင်းအတွက် ဒေါ်လာနှစ်သိန်းစီ ပေးဆပ်မည်ဖြစ်ပြီး အတိုးအရင်း အားလုံးပေါင်းကို ၂၀၂၂ ခုနှစ် ရောက်ရှိမှသာ အကျေဆပ်မည့် အစီအစဉ်အား ညှိနှိုင်းတင်ပြခဲ့သည်။

ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီမှ တင်ပြသည့် ၂၀၂၂ ခုနှစ်ရောက်မှ အတိုးအရင်းအားလုံး အကျေဆပ်မည့် အစီအစဉ်အား ဘဏ္ဍာရေး ၀န်ကြီးဌာနမှလည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။

နေပြည်တော်လေဆိပ် တည်ဆောက်ရာတွင် ရှေ့ဆောင်လေဆိပ် ၀န်ဆောင်မှု ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ EXIM Bank မှ ဒေါ်လာ သန်း ၂၀၀၊ နိုင်ငံတော်ထံမှ Advance Payment အဖြစ်ဒေါ်လာ ၃၅ သန်းကျော်နှင့် တရုတ်ချေးငွေမရမီ သုံးစွဲရန်အတွက် ဒေါ်လာသန်း ၂၀ စုစုပေါင်း ချေးငွေ ဒေါ်လာသန်း ၂၅၀ ကျော်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

News Eleven