ကမ္ဘောဒီးယားရဲနဲ့ ပဋိပက္ခ အတိုက်အခံတွေ ထိခိုက်ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/22/2014 01:05:00 PM


ကမ္ဘောဒီးယား လွှတ်တော်ကိုယ်စားလှယ် Mu Sochua စစ်ဆေးရေးဂိတ်ကို ကျော်ဖြတ်စဉ်

ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ခံ အတိုက်အခံ ဥပဒေပြုလွှတ်တော်အမတ် Mu Sochua ကို ထောက်ခံသူတွေနဲ့ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့တွေ ဖနွမ်းပင်မြို့ လွတ်လပ်ရေးဥယျာဉ် အပြင်ဘက်မှာ တနင်္လာနေ့က အပြန်အလှန် တိုက်ခိုက်မှုခဲ့ကြတဲ့အတွက် လူ ၇ ဦး ဒဏ်ရာရသွားပါတယ်။

အရပ်သားလုံခြုံရေးအစောင့်တွေဟာ ဥယျာဉ်အတွင်းကို ဝင်ရောက်မယ့် အမျိုးသမီး ဥပဒေပြုအမတ်ရဲ့ အနီးဝန်းကျင်မှာ တွေ့သမျှလူအားလုံးကို နံပါတ်တုတ်တွေနဲ့ စတင်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

ဒီပန်းခြံဟာ ပြည်သူတွေ တွေ့ဆုံနိုင်ကြဖို့ တည်ဆောက်ထားတာဖြစ်ပေမယ့် ဇန်နဝါရီလအတွင်း ဆန္ဒပြပွဲတွေဖြစ်ခဲ့ပြီး ဖြိုခွဲခဲ့ချိန်ကစလို့ ပိတ်ထားခဲ့တာပါ။
ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံးတယောက်ဟာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အခုလုပ်ရပ်ဟာ အလွန်ဆိုးရွား ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဥပဒေပြုလွှတ်တော်အမတ် မစ္စမူဆိုချွာ က ပြောပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန် အစိုးရဟာ ပုဂ္ဂလိက လုံခြုံရေးအဖွဲ့တွေကို အသုံးပြုပြီး သူတို့ကို ဆန့်ကျင်သူတွေကို နှိပ်ကွပ်နေတယ်လို့လည်း ပြောပါတယ်။

VOA Burmese News