အရှိန်မထိန်းနိုင်သောယာဉ်မှ ရှေ့ယာဉ်အား ၀င်ရောက်တိုက်မိ ဒဏ်ရာရ

ပို့စ်တင်ချိန် - 4/22/2014 02:07:00 PM


နေပြည်တော်၊ ဧပြီ ၂၁

၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၀/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မန္တလေးမှနေပြည်တော်သို့ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်း ရပ်ကွက်နေ မျိုးသူထက်(၂၀)နှစ်မောင်းနှင်လာသည့် 8H/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည် ကုန်းအဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မြင်းမူမြို့နယ်၊ မကျည်းကန်ရွာနေ ဦးအောင်စိုး(၄၀)နှစ် မောင်းနှင်လာသည့် န/xxxx ဟိုင်းလပ်အပြာရောင်ယာဉ်၏ ဖွင့်ထားသောနောက်တံခါးအား ၀င်ရောက်တိုက်မိခဲ့ကြောင်းသိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် လိုက်ထရပ်အဖြူရောင်ယာဉ်ပေါ်ပါ မျိုးသူထက်တွင် ယာခြေသလုံးပေါက်ပြဲ၊ ၀ဲခြေကျင်းဝတ်ပွန်းပဲ့ဒဏ်ရာ၊ အမရပူရမြို့နယ်၊ အိုးဖိုရွာနေ ဒေါ်ရေး(၇၀)နှစ်တွင် ယာခြေသလုံးပေါက်ပြဲဒဏ်ရာ၊ ဟိုင်းလပ်အပြာရောင်ယာဉ်ပေါ်ပါ ဦးအောင်စိုးတွင် ဦးခေါင်းယာချိုစောင်း/နောက်ကျောပွန်းပဲ့၊ ၀ဲ/ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ၊ မြင်းမူမြို့နယ်၊ မကျည်းကန် ရွာနေ မဟန်ထွန်းမေ(၁၉)နှစ်တွင် ၀ဲပါး/တံတောင်ဆစ်ပွန်း၊ ခါးယာဘက်ပွန်းဒဏ်ရာ၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်နေ မောင်ဟိန်းထက်စံ(၁၀)နှစ်တွင် ၀ဲခြေသလုံးကျိုး၊ ယာတံတောင်ဆစ်ပေါက်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးသူထက်အား ပေပင်လေး အမြန်လမ်းရဲစခန်းယာဉ်(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်