ဒေးဗစ်မိုရက်စ်နှင့် လမ်းခွဲလိုက်ကြောင်း မန်ချက်စတာ ယူနိုက်တက် ကြေညာ

ပို့စ်တင်ချိန် - 4/22/2014 09:04:00 PM


အသင်းပိုင်ရှင် ဂလေဇာ မိသားစု၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီးနောက် အသင်းနှင့် ၆ နှစ်ကြာ စာချုပ်ချုပ်ဆိုထားသည့် မန်နေဂျာ ဒေးဗစ်မိုရက်စ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။


အိုးထရတ်ဖို့ဒ်တွင် တာဝန်ယူစဉ် ကာလအတွင်း စံချိန်ရလဒ်ဆိုးများသာ ဖန်တီးနိုင်ခဲ့သည့် အသက် ၅၀ နှစ်အရွယ် စကော့ မန်နေဂျာသည် ၁၉၈၆ ခုနှစ်တွင် ရွန်အက်ကီဆန် နောက်ပိုင်း ပထမဦးဆုံး ထုတ်ပယ်ခံရသည့် ယူနိုက်တက် မန်နေဂျာ ဖြစ်လာခဲ့သည်။



မိုယက်စ်နှင့် လမ်းခွဲမှုကို ယူနိုက်တက်က တရားဝင် Twitter account ပေါ်မှတစ်ဆင့် ကြေညာခဲ့ပြီး အသင်း အနေဖြင့် ၎င်း၏ ကြိုးစား အားထုတ်မှု၊ ရိုးသားမှုနှင့် ဂုဏ်သိက္ခာတို့ အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံကို တာဝန်ယူစဉ် အတွင်း မိုယက်စ်သည် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရပြီး တနင်္ဂနွေနေ့ကလည်း အသင်းဟောင်း အဲဗာတန်နှင့် တွေ့ဆုံယှဉ်ပြိုင်ရာ ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် လာမည့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

ဂွတ်ဒီဆင်ပတ်ခ်တွင် ရှုံးနိမ့်ခဲ့ခြင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ၁၁ ပွဲမြောက် ရှုံးပွဲ ဖြစ်ခဲ့ပြီး တန်းဆင်းရန် ရုန်းကန်နေရသည့် ဝက်စ်ဘရွန်းထက် ရှုံးပွဲ နှစ်ပွဲသာ လျော့နည်းကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ တွင်သာ ရပ်တည်လျက်ရှိသည်။

တနင်္ဂနွေနေ့ ရှုံးပွဲသည် အဲဗာတန်နှင့် လီဗာပူးလ်တို့အား တစ်ရာသီအတွင်း ပထမဦးဆုံး အကြိမ်အဖြစ် နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပရီးမီးယားလိဂ် စတင်ခေါ်ဆိုချိန်မှစ၍ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ပထမဦးဆုံး အနေဖြင့် အိမ်ကွင်းရော အဝေးကွင်းတွင်ပါ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုယက်စ်ကို ပြီးခဲ့သည့်နှစ် ဘောလုံးရာသီ အကုန်တွင် အနားယူသွားခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်က ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ နောက်ဆုံးပွဲစဉ်တွင် မန်နေဂျာသစ်ဘက်မှ ထောက်ခံရပ်တည်ကြရန် တိုက်တွန်းခဲ့သည်။

သို့သော်လည်း ယူနိုက်တက်သည် မိုယက်စ် လက်အောက်တွင် ရုန်းကန်ခဲ့ရပြီး အသင်းမှ တာဝန်ရှိသူများကလည်း ၎င်းအနေဖြင့် ယခုနှစ် နွေရာသီတွင် ပေါင် သန်း ၂၀၀ သုံးစွဲပြီး အသင်းကို ပြန်လည် တည်ဆောက်နိုင်မည် မဟုတ်ဟု စိုးရိမ်ခဲ့ကြသည်။

ယူနိုက်တက်မှ မိုယက်စ် ထွက်ခွာသွားသည့် အတွက် ရိုင်ယန်ဂစ်က ယခုနှစ် ဘောလုံးရာသီကုန်အထိ တာဝန်ယူ သွားမည်ဟု သိရသည်။

Soccer Myanmar