ကင်းဝန်မင်းကြီး နှင့်အဖွဲ့ အနောက်နိုင်ငံကရတဲ့ အတွေ့အကြုံများနဲ့ တည်ဆောက်ထားသည့် အင်းဝဆင်ကျုံးခံတပ်

ပို့စ်တင်ချိန် - 4/22/2014 12:23:00 PM


သရက်တန်း စိုးရွှေ

မြန်မာပြည် နေရာ အနှံ့အပြား တွင် သမိုင်း အမွေအနှစ် အဆောက်အအုံ များစွာ ရှိသည်။ ထို အမွေအနှစ် များမှာ မြန်မာနိုင်ငံ၏ ခိုင်မာသော သမိုင်းကို ပြသနေသည်။ ကုန်းဘောင်ခေတ် နှောင်း ကာကွယ်ရေး အဆင့်အတန်း ကို ကြည့်မည် ဆိုပါက ခံတပ်များကို ကြည့်၍ သိရှိနိုင်သည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် ကင်းဝန်မင်းကြီး နှင့်အဖွဲ့သည် အနောက် နိုင်ငံများသို့ သွားရောက် လေ့လာခဲ့ပြီး ရရှိလာသော အတွေ့အကြုံ များကို အခြေခံ၍ ခံတပ်များကို တည်ဆောက် ခဲ့ကြသည်။

ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် မင်းလှခံတပ်၊ ဂွေးချောင်း ခံတပ်၊ ဆင်ကျုံးခံတပ်၊ သပြေတန်း ခံတပ်၊ အစေခံ ခံတပ်တို့ကို တည်ဆောက် ခဲ့ကြသည်။ ထို ခံတပ်များမှာ အင်္ဂလန် ကျွန်းများ အကြားရှိ ပင်လယ်အထွက် ရေလက်ကြား တွင် ဆောက်လုပ် ထားသော Portsmouth မြို့ရှိ ခံတပ်များ တည်ဆောက် ပုံကို မှတ်သား၍ တည်ဆောက် ထားသည်။

ဆင်ကျုံးခံတပ် ကို ခရစ်နှစ် ၁၈၇၄ ခုနှစ်တွင် မူလ ဆင်ကျုံး နေရာ၌ တည်ဆောက် သောကြောင့် ဆင်ကျုံးခံတပ် ဟု ခေါ်တွင်ခဲ့သည်။ ဆင်ကျုံးခံတပ် သည် စတုရန်းပုံ ဖြစ်ပြီး အုတ်တံတိုင်း သုံးထပ် ပါရှိသည်။ အပြင်ဆုံး တံတိုင်းမှာ ၃၅၅ ပေ ပတ်လည် ရှိပြီး ၃၆ ပေ အရှည်ရှိသော ထောင့်ပြေဖြင့် တည်ဆောက် ထားသည်။ အလယ် တံတိုင်းမှာ ၂၉၃ ပေ ပတ်လည် ရှိသည်။ တံတိုင်း နှစ်ခုကြားတွင် ၃၁ ပေ ကျယ်သော ကျုံးရှိသည်။ အတွင်း တံတိုင်းမှာ ပေ ၂ဝဝ ပတ်လည် ရှိပြီး ခံတပ် အရှေ့ဘက်တွင် ကျုံးကူးတံတား တစ်စင်း ရှိသည်။

လက်ရှိ ကာလတွင် အင်းဝသို့ လာရောက် လေ့လာသော ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ သည် အင်းဝ ဆင်ကျုံးခံတပ် သို့ သွားရောက်၍ စိတ်ဝင်တစား လေ့လာလျက် ရှိကြောင်း သိရှိရသည်။
Myawady Daily