ဗင်နီဇွဲလားသမ္မတ ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်

ပို့စ်တင်ချိန် - 4/22/2014 06:42:00 PM


ကာရာကတ်စ်၊ ဧပြီ ၂၁

နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်နေသည့် ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်တွင် အီစတာ ပွဲတော်ရက်၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ပေးရန် တောင်းဆိုသော မျက်နှာဖုံးစွပ် လူငယ်များ ချီတက်ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့သလို ၎င်းတို့က ဆိုရှယ်လစ်စနစ် လိုလားသူ သမ္မတ နစ်ကိုးလပ်မာဒူရို၏ ပုံတူရုပ်တုကို မီးရှို့ခဲ့ကြကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

တနင်္ဂနွေနေ့ (အီစတာနေ့) က ဗင်နီဇွဲလား ပြည်သူသန်းပေါင်းများစွာသည် ကာရေဘီယန် ကမ်းခြေဒေသများသို့ ဦးတည်သွားရောက်ကာ မိသားစု ပျော်ပွဲရွှင်ပွဲများနှင့် စုဝေးပွဲများ ပြုလုပ်ခဲ့ကြသော်လည်း ဒီမိုကရေစီ လိုလားသူ ကျောင်းသားများက အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဆက်လက် လုပ်ကိုင်ခဲ့ကြသည်။

“ကျွန်တော်တို့ရဲ့ ဗင်နီဇွဲလား နိုင်ငံတော်ကို ပြန်လည် မရရှိသေးသရွေ့ လမ်းပေါ်မှာပဲ နေသွားမယ်။ ဒီအချိန်ဟာ ရပ်တည်ချက် ခိုင်မာမှု ရှိရမယ့် အချိန်လည်း ဖြစ်တယ်” ဟု အသက် ၂၂ နှစ်အရွယ်ရှိ ကျောင်းသားခေါင်းဆောင် ဒီဂျာမေးဂျာဆာက ပြောကြားသည်။

ဆန္ဒပြသူများသည် ဗင်နီဇွဲလား အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုကို ဖော်ကျူးသည့်အနေနှင့် ကျည်ဆန်များ၊ မျက်ရည်ယို ဓာတ်ငွေ့ဗူးခွံများ ချပြကာ သရုပ်ဖော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ အင်အားစုများကို လူစုခွဲသွားရန် ရဲတပ်ဖွဲ့က အမိန့်ပေးခဲ့သော်လည်း လိုက်နာခဲ့ကြခြင်း မရှိပေ။

ထို့နောက် ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ်မာဒူရို၏ ပုံတူရုပ်တုကို မီးရှို့ပြကာ “လွတ်မြောက်ရေး” ဟူ၍ ကျောင်းသားများက ကြွေးကြော် အော်ဟစ်ခဲ့ကြသည်ကို တွေ့ရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

လူငယ်ဆန္ဒပြသူများက ဓာတ်ဆီဗုံးများ၊ ကျောက်ခဲများဖြင့် ပစ်ခတ်ကာ ကြော်ငြာဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့ကြကြောင်း၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ချိန်တွင် တပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ မီးသတ်ပိုက်များ အသုံးပြု ဖြိုခွင်းခဲ့ရာ ပဋိပက္ခ အရှိန်မြင့်တက်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

“ဆန္ဒပြနေရာ အနီးတဝိုက်မှာ ရှိတဲ့ အိမ်တွေက လူတွေ ထွက်လာပြီး ကျောင်းသားတွေအတွက် ရေခဲထုပ်တွေနဲ့ ရေပုလင်းတွေ ပစ်ပေးကြတယ်။ မျက်ရည်ယို ဗုံးဒဏ်ကို ခုံခံနိုင်ဖို့ပါ” ဟု ယင်းဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ပေါ်ပေါက်ခဲ့သော သမ္မတမာဒူရို ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၁ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

The Voice Weekly