မူးယစ်သုံးစွဲသူ ရဲတပ်သားတစ်ဦး ဖမ်းမိ

ပို့စ်တင်ချိန် - 4/22/2014 06:41:00 PM


လားရှိုး၊ ဧပြီ ၂၂။

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို အိမ်သာအတွင်း မူးယစ်ဆေးသုံးစွဲနေစဉ် အသုံးပြုသည့်
ပစ္စည်းများနှင့်တကွ ဧပြီ ၂ဝရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ရပ်ကွက်(၅)နယ်မြေ(၂)မန်မိုင်ရွာ၊နတ်စင်လမ်းရှိ ခေါက်ဆွဲအရောင်းဆိုင် တစ်ဆိုင် အနောက်ရှိ အိမ်သာအတွင်းသို့ အမျိုးသားတစ်ဦးသည်
နံနက်ဆယ်နာရီခန့်မှ ဝင်ရောက် သွားပြီးအတန်ကြာသည်အထိ ထွက်လာခြင်းမရှိသောကြောင့် တံခါးဖွင့်ကြည့်ရာ ဖွင့်မရသောကြောင့်ရဲစခန်းသို့
အကြောင်းကြားရာ လားရှိုးမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်ထွန်းထွန်းနှင့် တကကမောင်ရွှေတို့သည် သက်သေများနှင့်အတူ သွားရောက်ကာ
တံခါးအားကလန့်ဖွင့်ရာ ကျော်ခိုင်ဦးဆိုသူအား လှဲလျောင်းနေသည်ကို တွေ့ရှိပြီး ၄င်းရှေ့၌ ရွှေသမင်ပလပ်စတစ်ဘူးထဲတွင် ဘိန်းဖြူဟုယူဆရသော
အဖြူမှုန့်(ဝ.ဝ၁)ဂရမ်၊ အဖြူမှုန့်များကပ်နေသည့် ရွှေသမင်ပလပ်စတစ်ဘူးခွံတစ်ခုနှင့် အသုံးပြုပြီးသော ဆေးထိုးပိုက်အပ်တပ်လျက်တစ်ချောင်းတို့အား
တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ မူယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသုံးစွဲသူ ကျော်ခိုင်ဦး(၃ဝ)နှစ်၊ လားရှိုးမြို့ပေါ်နေသူအား  မယ(ပ)၃၈/၁၄ မူးယစ်ပုဒ်မ-၁၅/၁၆(ဂ)အရအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းသည်ရဲတပ်သား အဆင့်ဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းလည်း
ရဲမှတ်တမ်းအရ သိရသည်။

စိုးမင်းနိုင်
The Myanma Age