မြကျွန်းသာပန်းခြံရှေ့ တိုယိုတာယာဉ် မီးလောင်မှု ကိုရီးယားနိုင်ငံသားကို အမှုဖွင့်

ပို့စ်တင်ချိန် - 4/22/2014 12:55:00 PM


ရန်ကုန်၊ ဧပြီ ၂၁

မရမ်းကုန်းမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းရှိ မြကျွန်းသာ ပန်းခြံရှေ့တွင် ဧပြီလ ၂၀ ရက် မွန်းလွဲ ၁ နာရီခန့်က အသက် ၄၈ နှစ်အရွယ် ကိုရီးယားနိုင်ငံသား မောင်းလာသည့် TOYOTA Porte အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ ကိုရီးယားနိုင်ငံသားကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ရန်ကင်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် ကိုရီးယားနိုင်ငံသား Mr.Kim Jeong Soo မှာ မြောက်ဥက္ကလာပမြို့နယ်မှ ရန်ကင်းမြို့နယ်သို့ ကမ္ဘာအေးဘုရားလမ်းမကြီးအတိုင်း ၎င်း၏ TOYOTA Porte ကိုယ်ပိုင်ယာဉ်ကို မောင်းလာစဉ် မြကျွန်းသာပန်းခြံရှေ့တွင် အင်ဂျင် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်၏ အင်ဂျင်ခန်းနှင့် ရှေ့လေကာမှန်တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက လာရောက် ငြှိမ်းသတ်ခဲ့သောကြောင့် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မရမ်းကုန်းမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းယာဉ် မီးလောင်မှုကြောင့် တိုယိုတာယာဉ်မောင်း Mr.Kim Jeong Soo ကို မရမ်းကုန်းမြို့မ ရဲစခန်း (ပ) ၁၄၂/၁၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly