ဟံသာဝတီ ဦးဝင်းတင်အကြောင်း အကျဉ်းချုပ် - 7 Day Daily

ပို့စ်တင်ချိန် - 4/22/2014 01:47:00 PM

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဟံသာဝတီဦးဝင်းတင် ကွယ်လွန် (၁၉၃၀−၂၀၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နာယက၊ ထင်ရှားသောသတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်သည် ကိုယ်တွင်းအင်္ဂါများ ပျက်စီးသည့်ရောဂါဖြင့် တစ်လကျော်ကြာဆေးကုသမှုခံယူပြီးနောက် ဧပြီ ၂၁ရက် နံနက်၆နာရီခွဲတွင် ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU)၌ ကွယ်လွန်ခဲ့သည်။

ဦးဝင်းတင်သည် ခါးနာရောဂါဖြင့် Green Cross ဆေးရုံတွင် မတ်လလယ်မှစ၍ ဆေးကုသမှုခံယူခဲ့ရသည်။ ထို့နောက် ၀ိတိုရိယဆေးရုံသို့တက်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ကာ တစ်လကျော်ကြာသည့်အချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

အကျဉ်းထောင်တွင်းရှိနေစဉ် နှိပ်စက်ခံရသည့်ဒဏ်များ၊ အူကျရောဂါဖြစ်နေသည်ကိုပင် ငါးနှစ်ခန့်ကြာမှ ကုသခွင့်ပေးခြင်း နှင့် နှစ်ရှည်လများတိုက်ပိတ်ခံရသည့်ဒဏ်များကြောင့် ထိုသို့ဝေဒနာများစွာဖိစီးခံရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကပြောကြားသည်။

ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီ နောက်ဆုံးအချိန်ထိ နိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုကို ပြတ်သားစွာဦးဆောင်ခဲ့သူတစ်ဦးအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြသည်။ ဦးဝင်းတင်ကျန်းမာစေရန် နိုင်ငံတစ်ဝန်းရှိ ပြည်သူအချို့က ဆုတောင်းမှုများပြုလုပ်နေကြ သည့်ကြားမှပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် (၈၅)နှစ် ရှိနေပြီဖြစ်သော ဟံသာဝတီဦးဝင်းတင်သည် ၁၉၈၉ခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရသည့်အချိန်မှစ၍ န၀တ / နအဖအစိုးရက ထောင်ဒဏ်ကို ၁၁နှစ်၊ ထိုမှ နောက်ထပ်ငါးနှစ်။ ထို့နောက် ခြောက်နှစ် စသဖြင့် အဆင့်ဆင့် ထပ်တိုးချမှတ်ခဲ့ပြီး ၁၉နှစ်ကျော် ကြာမြင့်ချိန် ၂၀၀၈ခုနှစ် စက်တင်ဘာတွင်မှ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

‘‘သူမဆုံးခင်မှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲလုပ်ရမယ်။ ဖြစ်ကိုဖြစ်ရမယ်။ လုပ်လည်းလုပ်မှဖြစ်မယ်ဆိုပြီးပြောခဲ့တယ်’’ဟု ဦးဝင်းတင်နှင့်အနီးကပ်ရှိခဲ့သူတစ်ဦးဖြစ်သည့် ကိုဇော်မျိုးအောင်ကပြောသည်။

ဦးဝင်းတင်သည် အမြဲတမ်း အလုပ်လုပ်ချင်နေသူဖြစ်သည့်အတွက် ဆေးရုံတက်နေရသည့်အချိန်မှာပင် စာရေးချင်နေ၊ လူငယ်များအတွက် ဆုံးမစကားများကို အသံသွင်းချင်နေခဲ့သည်ဟု အနီးကပ်စောင့်ရှောက်သူများကပြောကြားခဲ့သည်။

သတင်းစာအယ်ဒီတာချုပ်ဘ၀မှာပင်  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဝေဖန်ခဲ့၍ သတင်းစာတိုက်ပိတ်သိမ်းသည်ထိ အရေးယူခံခဲ့ရခြင်း၊ အနှစ်နှစ်ဆယ်ခန့် ထောင်တွင်းတိုက်ပိတ်အကျဉ်းချခြင်းများခံခဲ့ရသော်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စတင် တက်ရောက်သည့်အချိန်မှစ၍ ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို အစိုးရဆေးရုံမှ တာဝန်ယူပေးခဲ့သည်။ သို့သော် ၎င်းအတွက် နိုင်ငံတော်မှ ကုန်ကျစရိတ်များမည်စိုး၍ နောက်ဆုံးအချိန်မှာပင် ဆေးရုံမှအိမ်ပြန်ရန်ကြိုးစားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် နာမည်အကြီးဆုံးသမားတော်များအဖွဲ့က စေတနာအပြည့်ဖြင့် တာဝန်ယူကုသပေးကြောင်း  မိသားစုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

 သို့သော် ဦးဝင်းတင်ကို ဖမ်းဆီးထောင်ချရာတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်သည့် ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့်ကမူ ဦးဝင်းတင်ကွယ်လွန်မှုအပေါ် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ၎င်း၏နေအိမ်သို့ရောက်ရှိလာသည့် သတင်းထောက်များကို နေအိမ်တာဝန်ရှိသူများမှတစ်ဆင့် ပြောကြားခဲ့သည်။  အစိုးရအဖွဲ့ဟောင်းတွင်လည်း ၀န်ကြီးတစ်ဦးဖြစ်ခဲ့ပြီး လက်ရှိသမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ဦးဝင်းတင်ကွယ်လွန်မှုကို မိသားစု၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ၀မ်းနည်းကြောင်း သ၀ဏ်လွှာထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံများကို  တိုင်ဝက်လွှင့်ထူခဲ့ကြသည်။

ထို့အပြင် ဧပြီ ၂၁ရက်တွင် မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အများစုမှာ ၎င်းကွယ်လွန်ဆုံးရှုံးခဲ့ခြင်းအတွက်ဝမ်းနည်းစကားများ၊ ၎င်းအားဂုဏ်ပြုသောစကားများ ဆက်တိုက်တင်နေကြသည်ကိုလည်းတွေ့ရသည်။

ဦးဝင်းတင်က ၎င်းကွယ်လွန်ပါက နာရေးကိုချက်ချင်းပြုလုပ်ရန် ဆန္ဒရှိသော်လည်း တစ်နိုင်ငံလုံးမှ ဂါရ၀ပြုရန်လာရောက်မည့် ပါတီဝင်များ၊  အဖွဲ့အစည်းများ များပြားသည့်အတွက် နာရေးအခမ်းအနားကို သုံးရက်ကြာထားရှိပြီး ရေဝေးသုသာန်တွင်ဧပြီလ ၂၃ရက်  ညနေ ၅နာရီအချိန်တွင် ဂူသွင်းသဂြုင်္ိဟ်မည်ဖြစ်သည်။ ထို့အပြင် ပထမဦးဆုံးအနေဖြင့် အမှတ်တရအခမ်း အနားများကို ပြည်လမ်းမပေါ်ရှိ ယုဒဿန်ခန်းမတွင် ဖွင့်လှစ်ထားပြီး အမှတ်တရစာများ၊ ဓာတ်ပုံများ ပြသထားရှိမည်ဖြစ်သည်။

မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေသအသီးသီးမှ လိုက်ပါပို့ဆောင်သူများအားလုံးသည် ဈာပနအခမ်းအနား ကျင်းပရာရန်ကုန်မြို့သို့ လာရောက်ရန်စီစဉ်နေပြီဖြစ်သည်။ ရေဝေးသုသာန်တွင် ပြုလုပ်မည့် ဈာပနအခမ်းအနားနှင့် ဂူသွင်းခြင်းလုပ်ငန်းအဆင့်ဆင့်ကို နာရေးကူညီမှုအသင်း (ရန်ကုန်)က တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း သိရှိရသည်။



ဦးဝင်းတင် ကိုယ်ရေးအကျဉ်း

-၁၉၃၀ ခု၊ မတ်လ ၁၂ ရက်၊  ၁၂၉၁ ခု တပေါင်းလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့မွေး။

-ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ဇာတိ။

-အဖဦးပု(ကုန်သည်)၊ အမိ ဒေါ်အမာ

-ရန်ကုန်မြို့၊ လမ်းမတော်မြို့မ အထက်တန်းကျောင်း၊ ကြို့ပင်ကောက်မြို့နယ်  အမျိုးသားအထက်တန်းကျောင်း၊ ရန်ကုန်တက္ကသိုလ်စာသင်သား။

-၁၉၄၇ ဒဂုန်မဂ္ဂဇင်း ကဗျာစရေး။

-၁၉၄၇-၄၈ ကြို့ပင်ကောက်မြို့ အမျိုးသားအထက်တန်းကျောင်း ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ။

-၁၉၄၉  အကျိုးဆောင်ဂျာနယ်၊  သံတော်ဆင့်သတင်းစာ အလုပ်သင်။

-၁၉၅၀ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း(စာပေဗိမာန်) လက်ထောက်အယ်ဒီတာ၊ အေအက်ဖ်ပီ ပြင်သစ်သတင်းဌာန အယ်ဒီတာ။

-၁၉၅၂ ၀ိဇ္ဇာဘွဲ့ရ။

-၁၉၅၅-၅၇ နယ်သာလန်နိုင်ငံ၊  အမ်စတာဒမ်မြို့၊ ဂျမ်ဘာ တန်(သမာမိတ္တ)စာအုပ်ကုမ္ပဏီ အယ်ဒီတာ။

-၁၉၅၇-၅၉ ကြေးမုံသတင်းစာအယ်ဒီတာ။

-၁၉၅၉-၆၀ ပြည်သူ့အိုးဝေသတင်းစာ တာဝန်ခံအယ်ဒီတာ။

-၁၉၆၀-၆၉ ကြေးမုံသတင်းစာ အမှုဆောင်အယ်ဒီတာ။

-၁၉၆၂ ခု အပြည်ပြည်ဆိုင်ရာ သတင်းစာဆရာများ အဖွဲ့ချုပ် (International Journalists Organization-IJO) မြန်မာနိုင်ငံဆိုင်ရာ စည်းရုံးရေးမှူး။

-၁၉၆၂-၆၄ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အတွင်းရေးမှူး။

-၁၉၆၉-၇၈ မန္တလေး၊ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ်။

-၁၉၇၈ မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင်။

-၁၉၇၈ မန္တလေးတိုင်း အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ။

-၁၉၈၈ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ။

-၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူ ကိုးဦးအဖွဲ့ဝင်။

-၁၉၈၈ -၈၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအတွင်းရေးမှူး။

-၁၉၈၉ -၂၀၀၈ နိုင်ငံရေးအကျဉ်းသား။

-၂၀၀၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်။

-၂၀၁၁ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်နှင့် ဒီလှိုင်းစာစောင်ဦးဆောင်အကြံပေး



ဦးဝင်းတင်ရရှိခဲ့သော ဆုတံဆိပ်များ

၁။Guillermio Cano ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုဆုကို ၂၀၀၁ခုနှစ်တွင် UNESCO အဖွဲ့က ချီးမြှင့်ခဲ့သည်။

၂။ရွှေကလောင်ဆုကို ၂၀၁၁ခုနှစ်တွင် ကမ္ဘာ့သတင်းစာအဖွဲ့အစည်းက ချီးမြှင့်ခဲ့သည်။

၃။RSF Journalist Prize(နယ်စည်းမခြားသတင်းစာဆရာဆု)ကို ၂၀၀၆ခုနှစ်တွင် ချီးမြှင့်ခံရသည်။

၎။လွတ်လပ်မှုနှင့် အနာဂတ်မီဒီယာဆုကို ၂၀၀၈ခုနှစ်တွင် ဂျာမနီနိုင်ငံက ပေးအပ်ချီးမြှင့်ခဲ့သည်။

7 Day Daily