မန်ချက်စတာယူနိုက်တက် မန်နေဂျာ ရာထူးကို စိတ်မဝင်စားကြောင်း ကလော့ပ် ပြောကြား

ပို့စ်တင်ချိန် - 4/22/2014 09:09:00 PM


မန်ချက်စတာ ယူနိုက်တက်က ဒေးဗစ်မိုယက်စ်ကို ထုတ်ပယ် ခဲ့ပြီးနောက် မိမိ အနေဖြင့် ပရီးမီးယားလိဂ် အသင်း၏ မန်နေဂျာ ရာထူးအပေါ် စိတ်ဝင်စားခြင်း မရှိကြောင်း ဘိုရပ်ရှားဒေါ့မွန် မန်နေဂျာ ဂျာဂင်ကလော့ပ်က ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ်သည် ယူနိုက်တက်နှင့် ၆ နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း မန်နေဂျာ သက်တမ်း ၁၀ လသာ ရှိချိန်တွင် ရာထူးမှ ထုတ်ပယ် ခံခဲ့ရခြင်း ဖြစ်သည်။

မိုယက်စ်၏ နေရာကို ဆက်ခံရန် ရေပန်းစားသူများ စာရင်းတွင် ကလော့ပ်သည် ထိပ်ဆုံးမှ ပါဝင်သော်လည်း ၎င်းနှင့် ဒေါ့မွန်အသင်း၏ စာချုပ်မှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ကုန်ဆုံးမည် ဖြစ်သည်။

သို့သော်လည်း ကလော့ပ်က “မန်ချက်စတာယူနိုက်တက်ဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းပါ။ အသင်းရဲ့ အံအားသင့်ဖွယ် ပရိသတ်တွေနဲ့ ကျွန်တော် ရင်းနှီးမှုရှိတယ်လို့ ခံစားမိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ ဘိုရပ်ရှာ ဒေါ့မွန်နဲ့ ပရိသတ်တွေကို ခွဲခွာဖို့ ဆန္ဒမရှိပါဘူး” ဟု Guardian ထံ ပြောကြားခဲ့သည်။

ကလော့ပ်နည်းတူ မိုယက်စ် နေရာ ဆက်ခံရန် ရေပန်းစားနေသူများတွင် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါး၊ အက်သလက်တီကို မန်နေဂျာ ဒီယေဂို ဆီမြွန်နီနှင့် ရီးယဲမက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီ တို့လည်း ပါဝင်သည်။

ဗန်ဂါးသည် တော့တင်ဟမ် မန်နေဂျာ ရာထူးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ၎င်းအနေဖြင့် ယူနိုက်တက် မန်နေဂျာရာထူးကို ရယူရန် ဆန္ဒရှိနေသည့် လန်ဒန်ကလပ်နှင့် ဆွေးနွေးမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။

Soccer Myanmar