တပ်နှင့်ကေအိုင်အေ တိုက်ပွဲရက်ဆက် ဖြစ်ပြီးနောက် လဂျောင် ကျေးရွာနေသူများ ရွာလုံးကျွတ် ပြောင်းရွှေ့

ပို့စ်တင်ချိန် - 4/22/2014 01:02:00 PM


ဗန်းမော်၊ ဧပြီ ၂၁

ကချင်ပြည်နယ်တွင် ဧပြီလဆန်းမှ စတင်ကာ တပ်မတော်နှင့် ကေအိုင်အေ တပ်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ဧပြီလ ၂၀ ရက် နေ့မှ စတင်ကာ မန်စီမြို့နှင့် ၁၀ မိုင်ကျော်ခန့် ဝေးသော မြို့ပေါ် စစ်ရှောင်စခန်းများဆီသို့ လဂျောင်ကျေးရွာနေ ဒေသခံများ ပြောင်းရွှေ့လျက် ရှိကြောင်း ဗန်မော်မြို့ ကရုဏာ မြန်မာလူမှုဖွံ့ဖြိုးရေး ရုံးမှ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးနော်ဒင့်က ပြောကြားသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နောက် လဂျောင်ကျေးရွာသို့ အစိုးရတပ်များ ဝင်ရောက်လာခဲ့သည့် အတွက် ကျေးရွာဒေသခံ အိမ်ထောင်စု ၂၃ စုသည် မန်စီမြို့ပေါ်ရှိ နှစ်ခြင်းခရစ်ယာန် စစ်ရှောင်စခန်းနှင့် ဗန်းမော်မြို့ရှိ အေဒီ ၂၀၀၀ ကက်သလစ်အသင်းတော် စစ်ရှောင်စခန်းများသို့ ဧပြီလ ၂၀ ရက် ညနေပိုင်းမှ စတင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အခု မြို့ပေါ် စစ်ရှောင်စခန်းတွေဆီကို နည်းနည်းချင်း ဝင်လာနေတယ်။ တချို့က လမ်းမှာပဲ ရှိသေးတယ်။ လူဦးရေစာရင်း အတိအကျ မကောက်နိုင်သေးဘူး။ ဒီမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ လူက အရင်တည်းက ပြည့်နေတာ။ စံချိန်စံညွန်းနဲ့ညီတဲ့ လူနေထိုင်မှု မဟုတ်တော့ဘူး။ လောလောဆယ် သူတို့အတွက် လိုအပ်တာကတော့ နေရာထိုင်ခင်းပဲ” ဟု ဦးနော်ဒင့်က ဆိုသည်။

ယင်းသို့ အစိုးရ ထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသည့် စစ်ရှောင် ဒုက္ခသည်များအတွက် အစိုးရက နေရာထိုင်ခင်း သတ်မှတ် စီစဉ်ပေးနိုင်မည် ဆိုလျှင် ဒုက္ခသည်များအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ရရှိနိုင်မည် ဖြစ်ကြောင်း ဗန်းမော်မြို့ရှိ လူမှုကူညီရေး အဖွဲ့အစည်းများက ဆိုသည်။

အစိုးရ ထိန်းချုပ်နယ်မြေ အတွင်းသို့ ဝင်ရောက်လာသော စစ်ရှောင် ဒုက္ခသည်များအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးနိုင်မည့် အစီအစဉ် ရှိမရှိ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုမည့်သူ မရှိပေ။

ဗန်းမော်ခရိုင်တွင် စစ်ရှောင်ဒုက္ခသည် စခန်းပေါင်း ၂၀ ကျော်ရှိပြီး ယခင်က စစ်ရှောင် ဒုက္ခသည်ဦးရေ ၅၀,၀၀၀ ကျော်ခန့် ရှိရာမှ လတ်တလော ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒုက္ခသည်ဦးရေ တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့ရာ လက်ရှိ ဗန်းမော်ခရိုင် တစ်ခုလုံးတွင် ဒုက္ခသည်ဦးရေ စုစုပေါင်း ၇၀,၀၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း လူမှုကူညီရေး အဖွဲ့အစည်းများထံမှ သိရသည်။

The Voice Weekly