အတုများပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို မချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ

ပို့စ်တင်ချိန် - 4/22/2014 10:07:00 AM


ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။မီးခလုတ်များကို လိုက်ပိတ်ပြီးနောက် အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ဆန်းကျယ်သော အကြောင်းအရာ တစ်ခု၏ ဂယက်ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။ အာရှတိုက်၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွင် လူငယ်များ ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာသည်။ အဘယ်ကြောင့်နည်း။ အဖြေက အမျိုးသားများက အမျိုးသမီး အစစ်များကို စိတ်မဝင်စားတော့၍ ဖြစ်လေသည်။

ဂျပန်နိုင်ငံတွင် (၂၀၆၀)ပြည့်နှစ်၌ လက်ရှိလူဦးရေ၏ (၃)ပုံ(၁)ပုံမျှ လျော့နည်းသွားနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး ယင်းတို့အနက် အထူးခြားဆုံးနှင့် အဆီအငေါ် အတည့်ဆုံး ပြဿနာ တစ်ရပ်မှာ လူငယ် အမျိုးသားများက လူငယ်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု နည်းပါးသွားခြင်း ဖြစ်သည်။ ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လိင်သာယာမှုကို လက်တွေ့လောကထက် အတုအယောင် လောကတွင်သာ ရှာဖွေ ပျော်မွေ့နေသူများလည်း ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ဂိမ်းနှင့် ကာတွန်းဇာတ်ရုပ် မိန်းကလေးများကို စွဲလမ်းနှစ်သက်မှုသည် တရိပ်ရိပ် တိုးပွားလာနေသည်။ လူဦးရေ (၃၅)သန်း နေထိုင်သည့် တိုကျိုမြို့တော်ကြီးတွင် အိုတာကူ လူတန်းစားတစ်ရပ် လျင်လျင်မြန်မြန် ကျယ်ပြန့်ဖြစ်တည်လာခဲ့သည်။ တိုကျိုတွင် အေကီဟာဘာရာဆိုသော အရပ်ဒေသ တစ်ခုရှိသည်။ ယင်းကို အိုတာကူတို့၏ နိဗ္ဗာန်ဘုံဟု တင်စားကြသည်။ အသက်(၂၀)ဝန်းကျင် လူငယ်များသည် ကိုယ်ပိုင် ဖန်တီးထားသည့် စိတ်ကူးယဉ် ကမ္ဘာငယ်များဖြင့် အေကီဟာဘာရာတွင် ပျော်မွေ့နေကြသည်။ ယင်းနေရာတွင် Anime ကာတွန်းနှင့် ဂိမ်းအမျိုးမျိုးကို စုံလင်စွာ ရွေးချယ် ဝယ်ယူနိုင်ပြီး ဂိမ်းချစ်သူများ အကြိုက်ဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။ ထို့နောက်ပိုင်းတွင် 3Dနည်းပညာဖြင့် ဖန်တီးထားသည့် အမျိုးသမီးငယ် ပုံရိပ်များသည် လူငယ် အမျိုးသားတို့၏ စိတ်အာရုံကို အဓိက လွှမ်းမိုး ချုပ်ကိုင်သွားတော့သည်။

"ခုချိန်မှာ ဂျပန်က အမျိုးသားလူငယ် တော်တော်များများဟာ လိင်မှုဘဝနဲ့ သွေးသားဆာလောင်မှုမှာ ထုံထိုင်းမှိုင်းဝေပြီး တက်ကြွမှု တော်တော် နည်းသွားပြီ"ဟု ဂျပန် မိသားစု စီမံကိန်းဌာနမှ ကူနီယို ကီတာမာရာက မှတ်ချက်ပြုခဲ့သည်။ ဂျပန်တွင် ချစ်သူစုံတွဲ အဖြစ်မှ ပြတ်စဲလမ်းခွဲမှုများ သိသာစွာ မြင့်တက်လာသလို (၂၀၁၀)ပြည့်နှစ်က ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ယူသည့် စစ်တမ်းတွင် အသက်(၁၆)နှစ်မှ (၁၉)နှစ်ကြား အမျိုးသား လူငယ်များ၏ (၃၆)ရာခိုင်နှုန်းသည် လိင်ကိစ္စကို လုံးဝ စိတ်မဝင်စားတော့ကြောင်း တွေ့ရှိလာခဲ့သည်။ ယင်းသည် (၂၀၀၈)ခုနှစ်ကထက် (၂)ဆတိုးလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား လူငယ်များ၏ ချစ်ခြင်းမေတ္တာသည် အတုအယောင် မိန်းကလေးများအတွက်သာ ဖြစ်တည်နေတော့သည်။

"အိုတာကူ နှစ်ယောက်ကို တွေ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက အတုအယောင် မိန်းကလေးတွေရဲ့ ချစ်သူအဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြတာပါ။ တကယ်တော့ သူတို့ရဲ့ ချစ်သူဆိုတာ Nintendo ဂိမ်းထဲက မိန်းကလေးတွေပါပဲ"ဟု BBCမှ အနီတာ ရာနီက ပြောကြားခဲ့သည်။ Love Plus အမည်ရှိ ကွန်ပျူတာဂိမ်းသည် သေးငယ်ပေါ့ပါးသည့် Tablet ကွန်ပျူတာလေးများတွင် ဆော့ကစားရလေ့ ရှိသော ချစ်သူရည်းစားထားသည့် ဂိမ်းမျိုးဖြစ်သည်။ နူရီကန်နှင့် ယူဂီတို့သည် ရင်ကိုနှင့် နီနီဟု အမည်ပေးထားသည့် ကွန်ပျူတာဂိမ်း ချစ်သူနှစ်ဦးမှလွဲလျှင် မည်သည့် မိန်းကလေးကိုမျှ စိတ်မဝင်စားကြချေ။ ပန်းခြံထဲတွင် ချိန်းတွေ့ရန်၊ ချစ်သူကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဝယ်ပေးရန် Love Plusက လမ်းဖွင့်ပေးထားပြီး ယင်းဘဝတွင်ပင် သာယာနေကြသည်။

"ကျွန်တော်တို့ အထက်တန်း ကျောင်းသား ဘဝကတည်းက စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်နေပြီလေ"ဟု နူရီကန်က ဂုဏ်ယူစွာ ဆိုသည်။ ၎င်းသည် ဂိမ်းကစားတိုင်း အသက်(၁၅)နှစ်အရွယ် ခံစားချက်မျိုးဖြင့် တက်ကြွနေသော်လည်း လက်တွေ့တွင် အသက်(၃၈)နှစ် ရှိနေပြီ ဖြစ်သည်။ အိမ်ထောင်ပြုရန် စိတ်မဝင်စားဘဲ ၎င်း၏ စိတ်ခံစားချက် အားလုံးကို ဂိမ်းထဲမှ မိန်းကလေး ရင်ကိုထံတွင်သာ နူရီကန်က မြှုပ်နှံပေးထားသည်။ "ကျွန်တော် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ကျွန်တော့် အချစ်ရေးက တည်မြဲနေမှာပဲလေ"ဟု အသက်(၃၉)နှစ် ရှိပြီဖြစ်သော ယူဂီက ပြောဆိုခဲ့သည်။ ၎င်းက "ဂိမ်းထဲမှာ ကျွန်တော်တို့ တူတူ ကျောင်းသွားကြတယ်။ ကျောင်းဆင်းရင် ဂိတ်ပေါက်မှာ ချိန်းထားပြီး ကျွန်တော်တို့တူတူ ပြန်လာတယ်။ ဒီဂိမ်းထဲမှာ ကျွန်တော့်အသက်က (၁၇)နှစ်လေ"ဟုလည်း ယူဂီက ဆိုသည်။

၎င်းသည် ဂိမ်းထဲမှ ချစ်သူမိန်းကလေး နီနီနှင့် အပြင်လောကတွင် တွေ့ဆုံရသည်ဟု စိတ်ကူးယဉ်ဖူးကြောင်းလည်း ယူဂီက ဝန်ခံခဲ့သည်။ နူရီကန်နှင့် ယူဂီတို့၏ စွဲလမ်းမှုအရ အိုတာကူ ပြဿနာသည် လူငယ်ပိုင်းတွင်သာမက၊ လူလတ်ပိုင်းသို့ပါ ကူးစက်လာကြောင်း ထင်ရှားလျှက်ရှိသည်။ ဂျပန်နိုင်ငံတွင် စုံတွဲများထံ ကောက်ယူသော စစ်တမ်းအရ ဖိုမဆက်ဆံမှုသည် သိသာစွာ ကျဆင်းလာနေကြောင်းလည်း သတင်းများက ဆိုသည်။ စုံတွဲ အားလုံး၏ (၂၇)ရာခိုင်နှုန်းကသာ ၎င်းတို့အနေဖြင့် အပတ်စဉ် ချစ်တင်းနှီးနှောဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ထပ်မှုနှုန်းမှာလည်း ဆုတ်ယုတ်လာနေသလို ကလေးမွေးဖွားမှုနှုန်းလည်း နည်းပါးသွားသည်။ အခြေတကျ လက်မထပ်မီ ကလေးယူမှုသည် (၂)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

ဂျပန်မီဒီယာ အများအပြားကလည်း လက်ရှိ အခြေအနေကို ဝေဖန် ရေးသားမှုများ ပြုလုပ်နေပြီး ဂျပန် အမျိုးသားများ အနေဖြင့် ပိုမို၍ လူလားမြောက်ပြီး လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာကြသည်။ ဂျပန် လူမှုရေး သုတေသီ အချို့ကမူ နိုင်ငံ၏ လူဝင်မှု စည်းမျဉ်းများ တင်းကျပ်လွန်းပြီး ကမ္ဘာအရပ်ရပ်နှင့် ထိတွေ့မှု အပိုင်းတွင် အကဲဆတ်လွန်းခြင်းကလည်း ယခုပြဿနာများ၏ တစ်စိတ် တစ်ဒေသဟု သုံးသပ်ထားကြသည်။

BY PLANET