ဆီးဂိမ်းစ်နှင့် ပွဲပြီးမီးသေ မဖြစ်စေလိုပါ

ပို့စ်တင်ချိန် - 12/12/2013 08:57:00 AM


( The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော် )


မြန်မာနိုင်ငံ၌ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နှစ်ပေါင်း ၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း၌ ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနား မတိုင်မီ ဒီဇင်ဘာ ၄ ရက်မှစ၍ အားကစားပြိုင်ပွဲ အချို့ကို စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ပိတ်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။

ယခုတစ်ကြိမ် ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၃၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ဆုတံဆိပ် စုစုပေါင်း ၁၀၀၀ ကျော် ပေးအပ်ချီးမြှင့်မည် ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် နေပြည်တော်တွင် ၀ဏ္ဏသိဒ္ဓိ၊ ဇေယျာသီရိ အားကစားကွင်းကြီးများ တည်ဆောက်ခဲ့သည်။ Goal Camp အားကစားရွာကို တည်ဆောက်ခြင်း အပါအ၀င် ငွေကြေးအမြောက်အမြား အကုန်အကျခံ တည်ဆောက်ထားသည်။ မန္တလေးမြို့တွင်လည်း ပရိသတ် ၃၀၀၀၀ ဆံ့ မန္တလာသီရိ အားကစားပြိုင်ကွင်းကို တည်ဆောက်ခဲ့သည်။

ရိုးရာ အားကစားနည်းများ ထည့်သွင်းခြင်းနှင့် ပတ်သက်၍ ဖိလစ်ပိုင်အားကစား ကော်မရှင်က ကန့်ကွက်ခဲ့ပြီး အမျိုးသား ဘောလုံးပြိုင်ပွဲမှ ဖိလစ်ပိုင် အမျိုးသား ဘောလုံးအသင်း နုတ်ထွက်သွားခဲ့သည်။ ဘရူနိုင်း အမျိုးသမီး ဘောလုံးအသင်းသည်လည်း ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုကြောင်း အသိပေးခဲ့သည်။ ထို့ပြင် အမျိုးသမီး ဘောလုံးပြိုင်ပွဲများ စတင်ရန် တစ်ရက်အလို ဒီဇင်ဘာ ၈ ရက်တွင် အင်ဒိုနီးရှား အမျိုးသမီး ဘောလုံးအသင်း ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အိမ်ရှင်အဖြစ် ကျင်းပသည့် နိုင်ငံတိုင်းသည် မိမိတို့ ဆုတံဆိပ်များစွာ ရရှိနိုင်ရန် ရိုးရာအားကစား နည်းများကို ထည့်သွင်း၍ အိမ်ရှင်၏ အားသာချက်ကို ရယူလေ့ရှိသည်။ ထို့အတွက် ပြိုင်ပွဲဝင်နိုင်ငံ အချင်းချင်း ဝေဖန်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ မည်သည့်ကိစ္စရပ်တွင်မဆို အကောင်း၊ အဆိုး ဒွန်တွဲတတ်သည်ကတော့ မည်သူမျှ ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ပါ။ ကမ္ဘာပေါ်တွင် ကျင်းပသော မည်သည့်အားကစား ပြိုင်ပွဲမဆို ပြိုင်ပွဲတိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာ တစ်ခုအဖြစ် မှတ်ယူယှဉ်ပြိုင်လေ့ ရှိကြသည်။

ယခု အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ပြိုင်ပွဲတွင် အိမ်ရှင်အားသာချက်ယူ၍ ရိုးရာဝိုင်းခြင်းခတ် ကစားခြင်းကို ပြိုင်ပွဲတစ်ရပ်အဖြစ် ထည့်သွင်းကျင်းပကာ ရွှေတံဆိပ်ဆုများ အလွယ်တကူ ရယူနိုင်ခဲ့ခြင်းသည် လည်းကောင်း၊ ဆီးဂိမ်းစ်ပြိုင်ပွဲကို အကြောင်းပြု၍ ဆင်းရဲသော နိုင်ငံတွင် ငွေကြေးဘီလျံနှင့်ချီ၍ အသုံးပြုခဲ့ခြင်းသည် လည်းကောင်း စသည် မည်သို့သော အကြောင်းတရားများ ရှိသည်ဖြစ်စေ ပြည်သူများကတော့ ဆီးဂိမ်းစ်ပြိုင်ပွဲကို မျှော်လင့်အားပေးလျက် ရှိပါသည်။

မည်သို့ပင်ဖြစ်စေ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပနိုင်ခြင်းဖြင့် နိုင်ငံတကာတွင် အမြင်တင့်ခြင်း၊ နိုင်ငံအနှံ့အပြားမှ ရွက်ပုန်းသီး အားကစားမောင်မယ်များ မွေးထုတ်ပေးနိုင်ခြင်း၊ အဆင့်မီ အားကစားကွင်း၊ အားကစားရုံများ ထွက်ပေါ်လာခြင်း၊ ပြည်သူလူထု၏ အားကစားအပေါ် ယုံကြည်မျှော်လင့် အားပေးမှုများအား မြင်တွေ့ရခြင်း စသည့်ကောင်းမွန်သော ဂုဏ်ယူစရာ အခြေအနေများကို ရရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေ ကောင်းများကို ဆက်လက်ထိန်းသိမ်းကာ "ပွဲပြီး မီးသေ" မဖြစ်စေဘဲ ဒေသတွင်းမှသည် ကမ္ဘာ့အဆင့်အထိ အဆင့်ဆင့် တက်လှမ်းနိုင်ရန် စနစ်တကျ ဆက်လက်လုပ်ဆောင် သင့်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ်
eleven media group