ဆယ်ကျော်သက် ၃၈ ရာခိုင်နှုန်း မျိုးဆက်ပွား ကျန်းမာရေး ပညာပေး အသိမရှိ

ပို့စ်တင်ချိန် - 12/12/2013 10:30:00 PM


ယခုနှစ် ချစ်သူများနေ့က တွေ့ရသည့် လူငယ်များ (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်ရှိသည့် အနက် ဆယ်ကျော်သက် အရွယ် ၃၈ ရာခိုင်နှုန်းခန့်မှာ မျိုးဆက်ပွား ကျန်းမာရေး အန္တရာယ် ရှိနေကြောင်း ၂၀၁၃ ခုနှစ် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ ကမ္ဘာလုံးဆိုင်ရာ စစ်တမ်း ကောက်ယူချက်အရ သိရသည်။

မြန်မာနိုင်ငံရှိ ဆယ်ကျော်သက် အရွယ် ၃၈ ခိုင်နှုန်းခန့်မှာ တကြိမ်တခါ လိင်ဆက်ဆံမှု ပြုရုံဖြင့် ကိုယ်ဝန် ရရှိသွား နိုင်ကြောင်းကို မသိရှိကြကြောင်း၊ အမျိုးသမီးငယ် အရွယ် ၂၀ ရာခိုင်နှုန်းခန့်မှာ သားဆက်ခြားနည်းကို မသိရှိကြကြောင်း၊ အမျိုးသားငယ် ၁၇ ရာခိုင်နှုန်းခန့်မှာ အရေးပေါ် တားဆေး အကြောင်း ကြားဖူခြင်း မရှိကြောင်း ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးအေးကိုကိုက ပြောသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ကျော်ရှိပြီး လူငယ်လူရွယ်ထုသည် လူဦးရေအားလုံး၏ သုံးပုံတပုံခန့် ရှိသည်ကို ခန့်မှန်းတွက်ချက် ရရှိကြောင်း၊ ပျမ်းမျှ လူငယ်ဦးရေ သန်း ၂၀ ခန့် ရှိကြောင်း ဒေါက်တာ ဦးအေးကိုကိုက ဆိုသည်။

၂၀၁၃ ကုလသမဂ္ဂ ကမ္ဘာ့လူဦးရေ အစီရင်ခံစာအရ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အရွယ်မရောက်မီ အိမ်ထောင်သည် ဘ၀ ရောက်ရှိသွားကြသည့် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဓိက ပြဿနာ တရပ် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အရွယ်မရောက်မီ ကိုယ်ဝန်ဆောင်ခြင်းသည် ဖွံ့ဖြိုးပြီး နိုင်ငံများထက် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဓိက ပြဿနာတရပ် အနေဖြင့် ရင်ဆိုင်နေရသည်ဟု အစီရင်ခံစာက ထောက်ပြထားသည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံတွင် ယင်းပြဿနာသည် အရေးကြီးသည့် အခန်းကဏ္ဍမှာ ပါဝင်နေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေမှု ပြုလုပ်ကာ ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ လက်ထောက် ဌာနေကိုယ်စားလှယ် ဒေါက်တာနေ၀င်းက ဧရာဝတီသို့ ပြောသည်။

“ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း တခုအပါအ၀င် ဆိုတော့ ဒီပြဿနာက အရေးကြီးတယ်၊ အကြောင်းကြောင်း တွေကြောင့် အရွယ် မရောက်သေးဘဲ ၁၅၊ ၁၆၊ ၁၇ နှစ်တွေ အိမ်ထောင်သည်ဘ၀ကို ရောက်ကုန်တယ်၊ ပြီးရင် ကိုယ်ဝန် ဆောင်တယ်။ ဒါဟာ မိန်းကလေးတယောက်ရဲ့ ဘ၀ကို ရိုက်ချိုးလိုက်သလို ဖြစ်တယ်ဆိုတာ အသိပေးချင်တယ်” ဟု ဒေါက်တာနေ၀င်းက ပြောသည်။

UNFPA ၏ အစီရင်ခံစာသည် နှစ်စဉ် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ထုတ်ပြန်ခဲ့ပြီး အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်နှင့် ကလေးသူငယ် ဆိုင်ရာ အချက်အလက် များအား ကမ္ဘာတ၀ှမ်းရှိ ပြည်သူများနှင့် အစိုးရဌာနမှ တာဝန်ရှိသူများ သိရှိနိုင်ရန် အတွက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာ အရ မိဘများနှင့် ဆရာများက လူငယ်များ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေမှု ရှိသော အသိပညာ ပေးမှုများကို ပြောကြားရန်နှင့် မြန်မာအမျိုးသမီးများ အနေဖြင့် မိမိကိုယ်ကိုယ် တန်ဖိုးထား စောင့်ရှောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဦးအေးကိုကိုက ဧရာဝတီသို့ပြောသည်။

“အဓိကကတော့ ကျန်းမာရေး ဗဟုသုတ နည်းတယ်၊ အသိနည်းတယ်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုပြီး ကိုယ်ဝန်ဆောင်၊ မယူချင်တော့ ဖျက်ချတယ်၊ ဒါဟာ မိခင်နဲ့ ကလေး သေဆုံးမှုနှုန်း များလာနိုင်တယ်၊ တတ်နိုင်သမျှ နည်းနိုင်သမျှ နည်းအောင် လုပ်သွားရမယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၂ ခုနှစ် UNFPA အဖွဲ့၏ စစ်တမ်း ကောက်ယူချက် အရ မြန်မာနိုင်ငံတွင် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပက်သက်ပြီး အဓိကထား လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဧရာဝတီ သတင်း Myanmar News