ကမ္ဘာ့အာမခံဈေးကွက် လေ့လာရန် ဂျပန်သို့ ပထမဆုံး သွားမည်

ပို့စ်တင်ချိန် - 12/12/2013 11:21:00 AM


နန်းမြင့်|ကြာသပတေးနေ့၊ ဒီဇင်ဘာ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံ အာမခံဈေးကွက်အနေဖြင့် ကမ္ဘာ့အာမခံဈေးကွက်များကို သွားရောက် လေ့လာမည်ဖြစ်ရာ ပထမဆုံးအကြိမ်အဖြစ် ဂျပန်အာမခံဈေးကွက်သို့ ဒီဇင်ဘာ ၁၄ ရက်တွင် သွားရောက်မည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ဂျပန်အာမခံဈေးကွက်ကို ဒီဇင်ဘာလ ၁၄ ရက်မှစတင်ပြီး ငါးရက်ကြာ သွားရောက် လေ့လာမည်ဖြစ်ကာ မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များလည်း လိုက်ပါမည်ဖြစ်သည်။ နောက်ပိုင်းတွင် ကမ္ဘာ့အာမခံဈေးကွက်ဖြစ်သည့် တရုတ်၊ အိန်္ဒိယ၊ ထိုင်း၊ အင်္ဂလန်တို့တွင်လည်း နှစ်အလိုက် သွားရောက် လေ့လာမည် ဖြစ်သည်။

ဒေါက်တာမောင်မောင်သိမ်းက “ဒီလို သွားရောက်လေ့လာတာဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး လေ့လာရေး ခရီးစဉ် ဖြစ်တယ်။ အရင် အာမခံကုမ္ပဏီတွေ ရှိစဉ်အခါတုန်းကလဲ မရှိဖူးဘူး။ အချိန်တိုအတွင်း သွား ရောက်နိုင်ဖို့ တစ်ခြားအာမခံဈေးကွက်ပါ သွားလေ့လာမယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ အာမခံဈေးကွက်ဆိုသည်မှာ မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီများအားလုံး ပါဝင်သော ဈေးကွက် ကို ဆိုလိုသည်။ ယခုလို အာမခံဈေးကွက် သွားရောက်လေ့လာခြင်းဖြင့် နှစ်နိုင်ငံ အာမခံဈေးကွက်ချင်း ချစ်ကြည်ရင်းနှီးမှုရရှိရန်၊ မြန်မာ့အာမခံဈေးကွက်အနေနှင့် ဂျပန်နိုင်ငံ အာမခံဈေးကွက်ကို လေ့လာခြင်း ဖြင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သိရှိလာမည်ဖြစ်ခြင်း၊ မြန်မာအာမခံကုမ္ပဏီများအနေနှင့်လည်း မိမိလုပ် ငန်းကို ပိုမိုစိတ်ဝင်စားလာမည် ဖြစ်သည်ဟု ဆိုသည်။

“သူတို့နိုင်ငံရဲ့ အာမခံဈေးကွက်အကြောင်း လေ့လာမယ်။ ပရိမီယံနှုန်းတွေ ဘယ်လိုသတ်မှတ်လဲဆိုတာ နည်းလမ်းတွေ လေ့လာမယ်။ Call Centre တွေကို သွားလေ့လာပြီး ပြည်သူတွေကို သူတို့ ဘယ်လို အလုပ်အကျွေးပြုလဲဆိုတာ လေ့လာသွားမယ်။ အာမခံ လက်ခံမှု၊ လျော်ကြေးပေးမှု လုပ်ငန်းစဉ်တွေကို သွားရောက် လေ့လာမယ်”ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။

ယင်းလေ့လာရေးခရီးစဉ်ကို ဂျပန်နိုင်ငံ အထွေထွေအာမခံလုပ်ငန်း အစည်းအရုံးအဖွဲ့မှ စီစဉ်ပေးခြင်းဖြစ် သည်။ ဂျပန်ခရီးစဉ်တွင် Sompo Japan Insurance Inc မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာ့အာမခံ လုပ်ငန်း၊ First Nation Insurance Public Co.,Ltd, I.K.B.Z Insurance Co.,Ltd, Capital Life Insurance Co.,Ltd, Grand Guardian Insurance Public Co.,Ltd, Global World Insurance Co.,Ltd, Pillar of Truth Insurance Co.,Ltd, နိုင်ငံသား စီးပွားရေးအာမခံ အများပိုင်လီမိတက်၊ ဧရာမြန်မာ အာ မခံကုမ္ပဏီလီမိတက်နှင့် အောင်မြင့်မိုရ်မင်း အာမခံကုမ္ပဏီလီမိတက်တို့မှ ကိုယ်စားလှယ်များ သွား ရောက် လေ့လာမည်ဖြစ်သည်။

I.K.B.Z Insurance Co.,Ltd မှ အရာရှိတစ်ဦးဖြစ်သူက “ဂျပန်ဈေးကွက်ကို လေ့လာခြင်းဖြင့် သူတို့ဆီ က အာမခံဈေးကွက်ကို သိရှိလာမယ်။ ဂျပန်အာမခံဈေးကွက်ကလည်း Top 10 မှာ ပါတယ်။ ပုဂ္ဂလိက အာမခံဈေးကွက်က နုနယ်သေးတယ်။ နိုင်ငံတိုးတက်လာတာနဲ့ မြန်မာ့အာမခံဈေးကွက် ကောင်းလာ မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

လက်ရှိ ပုဂ္ဂလိက အာမခံကုမ္ပဏီများတွင် အာမခံထားရှိသူများသည် အလုံးစုံ မော်တော်ယာဉ်အာမခံနှင့် မီးအာမခံကို အများဆုံး ထားရှိကြသည်။

မြန်မာ့အာမခံလုပ်ငန်းမှ ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုကို ၂၀၁၃ ခုနှစ်က စပြီး ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

Mizzima Burmese