တိကျသော အဖြေရမှ မိကျောင်းကန်သပိတ်စခန်း ရုပ်သိမ်းမည်

ပို့စ်တင်ချိန် - 12/12/2013 07:00:00 AM


မေစစ်ပိုင်| ဧရာဝတီ| December 11, 2013

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁၆ ရက်ဆက်တိုက် ဆန္ဒထုတ်ဖော်လျက်ရှိသည့် မိကျောင်းကန် သပိတ်စခန်းကို ရုပ်သိမ်းစေချင်သည်ဆိုပါက အစိုးရနှင့် သက်ဆိုင်ရာဘက်က လျော်ကြေး၊ အစားထိုးမြေနေရာ သို့မဟုတ် တိကျမှုရှိသည့်အဖြေ တခုခု ကတိပေးရမည်ဟု မိချောင်းကန်သပိတ်စခန်း ယာယီခေါင်းဆောင် ကိုဇော်ထွန်းက ပြောသည်။

“ကျနော်တို့ကို နစ်နာကြေး ဒါမှမဟုတ် ဘယ်လိုမျိုး ဆောင်ရွက်ပေးပါမယ်ဆိုတဲ့ တိကျတဲ့အဖြေတခုကို ပေးပါ၊ ဘယ်နေ့ ဘယ်ရက်မှာ အဲဒီကတိကို ဆောင်ရွက်ပေးပါမယ်ဆိုတာ ပြောမယ်ဆိုရင် ကျနော်တို့ဘက်က လူထုကို
အဲဒီအတိုင်း ရှင်းပြမယ်၊ လူထုက သဘောတူတာနဲ့ သပိတ်စခန်းကို ရုပ်သိမ်းပေးမယ်” ဟု ကိုဇော်ထွန်းက ဧရာဝတီသို့ ပြောသည်။

မိကျောင်းကန် မြေနေရာများသည် ဂရန်မြေများ မဟုတ်သည့်အတွက် လျော်ကြေးပေးရန် မလိုအပ်ကြောင်း နှင့် သပိတ်စခန်း ရုပ်သိမ်းပေးရန်သာ အစိုးရဘက်မှ တောင်းဆိုနေသော်လည်း ဆန္ဒပြသူများဘက်ကလည်း ၎င်းတို့ နစ်နာခဲ့ရသည့်အတွက် တစုံတရာ ဆောင်ရွက်ပေးရန်သာ တောင်းဆိုလျက်ရှိသည်ဟု သိရသည်။

“ဒီကိစ္စက တိုင်းဒေသကြီးက ကိုင်တွယ် ဖြေရှင်းပေးနေပေမယ့် အထက်က စီစဉ်ပေးမှ ရမယ်လို့ သိထားတယ်။ တပ်ကိုလွှဲထားတဲ့ မြေနေရာတွေ ဖြစ်တာကြောင့် ပြန်ရ၊ မရဆိုတာတော့ မသေချာဘူး” ဟု မိကျောင်းကန် သပိတ်အရေး
ဝင်ရောက်ညှိနှိုင်းပေးနေသည့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက
ဧရာဝတီသို့ ပြောသည်။

သပိတ်စခန်း ရုပ်သိမ်းပေးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းတို့က ဦးဆောင်ကာ မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒပြသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆက်တိုက် ပြုလုပ်နေသော်လည်း ပြေလည်မှု လုံးဝမရသေးပေ။

“ပြန်လိုချင်တဲ့ ရည်ရွယ်ချက်က အသိမ်းခံခဲ့ရတာခြင်း အတူတူ တချို့က တိုက်ခန်းရ၊ တချို့က ငွေ ၅ သိန်းရခဲ့တယ်။ တန်းတူရည်တူရအောင် တောင်းဆိုတာ” ဟု ဆန္ဒပြ သပိတ်ခေါင်းဆောင် ကိုဇော်ထွန်းက ရှင်းပြသည်။

ပြီးခဲ့သည့် တပတ်တွင်းက မိကျောင်းကန် သပိတ်စခန်း ပြုလုပ်ထားသည့် နေရာအနီးရှိ စေတီတဆူ တည်ဆောက်သည့် နေရာသို့ ဝင်ထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြသူများနှင့် သက်ဆိုင်ရာဘက်မှ ပုဂ္ဂိုလ်တချို့ ပြဿနာ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဆန္ဒပြသူ ၂၅ ဦးကို ပုဒ်မ ၄၇၇ (ကျူးကျော်ဝင်ရောက်မှု) ဖြင့် တရားစွဲထားသည်ဟု ကိုဇော်ထွန်းက ပြောသည်။

လက်ရှိတွင်လည်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို မိကျောင်းကန် မြေနေရာများကိစ္စ ဖြေရှင်းပေးရန် မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များမှ တဆင့် အကူအညီများ တောင်းခံထား သည်ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၁ ခုနှစ်က သိမ်းဆည်းခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နှင့် (၃)ရပ်ကွက်ရှိ မြေနေရာများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ကြောင်း၊ အဆိုပါ မြေနေရာများသည် ဂရန်ပေါက်မြေများ မဟုတ်သည့်အတွက် ယင်းနေရာတွင် နေထိုင်ခဲ့သူများအားလုံးကို တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ငွေကြေးတတ်နိုင်သူများကို မြေကွက် တကွက်လျှင် ၄၈၀၀ ကျပ်( ၁၉၉၃ ခုနှစ် ငွေကြေးပေါက်ဈေး) ဖြင့် ဒဂုံမြို့သစ်မြို့နယ်များတွင် ပြန်လည် ရောင်းချပေးခဲ့ ကြောင်း၊ ငွေကြေး မတတ်နိုင်သူများကို ပဲခူးရိုးမ အစပ်ရှိ မြေနေရာများနှင့် လှိုင်သာယာမြို့နယ်ရှိ မြေနေရာများတွင် နေရာချပေးခဲ့ကြောင်း သိရသည်။

ပုံစာ - မိကျောင်းကန် ဆန္ဒပြသမား တဦး (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ဧရာဝတီ သတင်း Myanmar News