မင်းလှဘူတာအနီး လူတစ်ဦး ရထားတိုက်မိ သေဆုံး

ပို့စ်တင်ချိန် - 12/12/2013 06:06:00 PM


နေပြည်တော်၊ ဒီဇင်ဘာ ၁၁

၁၀-၁၂-၂၀၁၃ ရက်နေ့ ၁၆၅၀ အချိန် မင်းလှမြို့နယ်၊ မင်းလှဘူတာအနီး ရထားသံလမ်းတွင် လူတစ်ဦးရထားတိုက်မိကြောင်းသတင်းအရ မင်းလှမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရထားလမ်းမိုင်တိုင်အမှတ်(၃၂၉/၂၀-၂၁)အနီးတွင် အရက်ကြောင်နေသည့် မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်နေ ဇော်ဝင်းမောင်(၄၀)နှစ်သည် ရထားလမ်းဖြတ်ကူးစဉ် မင်းဘူးဘက်မှ မင်းလှဘူတာသို့မောင်းနှင်လာသော မင်းဘူး-သရက်ရထားဖြင့်တိုက်မိခဲ့ကြောင်း၊ ထိုသို့တိုက်မိသဖြင့် ဇော်ဝင်းမောင်တွင် ယာဒူးပြတ်၊ ၀ဲခြေထောက်/၀ဲလက်ဖ၀ါးကျိုးကြေ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် မင်းလှမြို့မရဲစခန်း၊ သေမှုသေခင်း အမှတ်စဉ်(၁၆/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ထိုနေ့ ၁၇၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဒဟတ်ချောက်ကန် ကျေးရွာအုပ်စု၊ စိုင်ကောင်းကျေးရွာနေ တင်ဇော်ထွန်း(၁၆)နှစ်သည် ရွာသူ/သားများရေချိုးသည့် ကျစ်ကန်၌ရေဆင်းချိုးစဉ် ရေနစ်သေဆုံးကြောင်းသတင်းအရ ကိုင်းတောမရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒဟတ်ချောက်ကန်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အကျယ်(၂)ဧက၊ အနက်(၁၂)ပေခန့်ရှိ မြေသားတမံကန် ““ကျစ်ကန်””၌ တင်ဇော်ထွန်းသည် ရေဆင်းချိုးရာမှရေနစ်သွားခဲ့သဖြင့် ရွာသားများမှ ၀ိုင်းဝန်းဆယ်ယူခဲ့ပြီး ရေမွန်းသေဆုံးခဲ့ကြောင်းသိရှိရသဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် မြိုင်မြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်