နေပြည်တော်တွင် မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းယဉ်ကြော့ပြပွဲများ ကျင်းပ

ပို့စ်တင်ချိန် - 3/07/2014 12:15:00 PM


နေပြည်တော် မတ် ၆

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် စက်စက်ယိုဧက ၉၀၀ စိုက်ကွင်းတွင် မတ်၂ ရက် နံနက် က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းယဉ်ကြော့ပြပွဲနှင့် နွားသိုးအလှ၊ အသားတိုးနွား၊ နို့စားနွား၊ ခိုင်းနွားများ ပြခန်းများဖြင့် ပြသခဲ့သည်။

ပြပွဲအခမ်းအနားတွင်လာရောက် ပြသကြသောနွားများမှာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း အစရှိသောမြို့ကြီးများတွင် ဆုရရှိထားသော နွားများဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှလည်း ကုသရေးနှင့်ကုထုံးဆိုင်ရာများ၊ ဆေးဝါးများ၊ မေထုန်မဲ့ သားစပ် နည်းသုံးကိရိယာပစ္စည်းများ ပြသခဲ့သည်။
ရှောင်ရှားမွေးမြူမြန်မာတို့သည် ရှေးအစဉ်အဆက်ဆက်မှ ယခုတိုင်နွားများကို တန်ဖိုးထားပြီး မွေးမြူလာခဲ့ကြသည်မှာ ယခုကဲ့သို့ မြန်မာနိုင်ငံအနယ်နယ် အရပ်ရပ်များ၌ ပြိုင်ပွဲ၊ ပြပွဲများ ပြုလုပ်နေမှုမှာ တွေ့မြင်နေကြရသည်။
ယခုတိုင်မြန်မာတို့ နွားဝယ်ရာတွင်လည်း မွေးမြူရာတွင် အလင်္ကာများဖြင့် ဆောင်ရန်၊ ရှောင်ရန် သတ်မှတ်ကြလေသည်။

ကောင်းချင်းလက္ခဏာအလင်္ကာ စပယ်ဖြူ ကြိမ်မကူနှင့် ဇော်ရောင်ကွမ်းသွေး သေအောင်ပြေး၊ ထမ်းပိုးသုံးတန် ကောင်းရိုးမှန် ကြန်စုံနွားများပဲ၊ နွားပြာနီ ကြောင်စွယ်မှောင်ကွယ် ဝယ်မမှားဘူး၊ နွားနီပြာဖြူ မယားအညာသူအစရှိ ကောင်းခြင်းလက္ခဏာ အလင်္ကာများဖြင့် ရောင်းဝယ်မွေးမြူ
ကြပြီး ရှောင်ကြဉ်ဖွယ်ရာအနေဖြင့်ခေါင်းအနေစောင်း ဒူးမြင်းခေါင်း မကောင်းဟူ၍မှတ်၊ နွားနှမ်းမြင်းဝါ ဆင်ဟိုင်းသာ ရှောင်ရာအဖြူကျွဲ၊ နွားပြာထိပ်နီ လူမသီနှင့် လူသီလျှင်ဝှေ့ရှေးကနေနဲ့၊ နွားပုများများ အိမ်မှာထား လုံးဝမကြီးပွား၊ နွားနီကွမ်းသွေး တုတ်မရွေး စသည်ဖြင့် အရောင်းအဝယ်များတွင် ရှောင်ရှား မွေးမြူကြသည်။ ရှေးအခါက နွားဝယ်လျှင် နွား၏ အရောင်၊ အမွေး၊ ဗွေ၊မျက်လုံး၊ အမြီး၊ ခြေလက်စသည် တို့ကို ကောင်းခြင်းအလင်္ကာများဖြင့် ဝယ်သကဲ့သို့ ယခုခေတ်နွားဝါသနာ ရှင်များဝယ်ယူရာတွင်လည်း မှတ်သား ထားနိုင်ရန်လိုအပ်သည်ဟု ပြပွဲသို့ လာရောက်ကြည့်ရှုသူ အဘိုးဦးသောင်းက ပြောကြားသည်။

ပြပွဲတွင် လှည်းယာဉ်အမျိုးမျိုးကို တွေ့မြင်ရသည်။ လှည်းမြီးတို၊ ရေစည်လှည်း၊ ဝက်ခြံလှည်း၊ ပေါင်း အုပ်လှည်း၊ မယားကန်လှည်း စသည်ဖြင့်သိရသည်။ မြန်မာနိုင်ငံရှိ ကျေးရွာ တော်တော်များများတွင် ယနေ့တိုင် လှည်းယာဉ်များ အသုံးပြုသွားလာ နေကြကြောင်းနှင့် ရန်ကုန်၊ သန်လျင်၊ ကျိုက်ခေါက်ဘုရားပွဲ၊ ပဲခူး ရွှေမော်ဓောဘုရားပွဲ၊ ပုသိမ်မော်တင်စွန်း ဘုရားပွဲအစရှိသော ဘုရားပွဲကြီး များသို့ ကျေးလက်နေပြည်သူများ အနေဖြင့် လှည်းယာဉ်များ အသုံးပြု ကာသွားလာနေကြသည်ကို ယနေ့ တိုင် တွေ့ရှိနေရသည်။
ဆက်လက်၍ ပြပွဲသို့လာရောက်လေ့လာသူတောင်သူတစ်ဦးက ယခုကဲ့သို့ နိုင်ငံတော်မှပြပွဲ၊ ပြခန်းများ ပြုလုပ်ပြသခြင်းသည် ကျေးရွာနေ တောင်သူများအနေဖြင့် ဗဟုသုတတိုးပွားခြင်း၊ မွေးမြူရေးနှင့် ကုသထုံး
အခြေခံနည်းစနစ်များ သိရှိလာခြင်း၊ မိမိတို့အနေဖြင့် မွေးမြူကုသရာတွင် မလိုလားအပ်သော ပြဿနာများ၊ ဆုံးရှုံးမှုများ နည်းပါးသွားစေခြင်း အတွက် ကျေးဇူးအထူးပင်တင်ရှိ ပါကြောင်း ပြောကြားသည်။

MOI Webportal Myanmar