တရုတ်ကို စီးပွားရေး လျှို့ဝှက်ချက်များ ရောင်းစားသည့် အမေရိကန်နှစ်ဦး အဖမ်းခံရ

ပို့စ်တင်ချိန် - 3/07/2014 06:10:00 PM


ဝါရှင်တန်၊ မတ် ၆

ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ခိုးကာ တရုတ်အစိုးရပိုင် ကုမ္ပဏီ တစ်ခုသို့ ရောင်းစားခဲ့သည့် အမေရိကန် နိုင်ငံသား နှစ်ဦးကို အီလက်ထရွန်နစ် သူလျှို ပြုလုပ်မှုဖြင့် ဖမ်းဆီး ထားလိုက်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အမေရိကန် စီးပွားရေးသမား တစ်ဦးဖြစ်သူ ဝေါ်တာလျူးနှင့် သိပ္ပံပညာရှင် ရောဘတ်မေဂါလီတို့ကို အထက်ဖော်ပြပါ ပြစ်မှုဖြင့် ကယ်လီဖိုးနီးယား တရားရုံးတစ်ရုံးက အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် အမေရိကန် ကမ္ဘာကျော် ကုမ္ပဏီ DuPont မှ တိုက်တေနီယမ် ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်သော လျှို့ဝှက်နည်းများကို ခိုးယူကာ တရုတ် ကုမ္ပဏီသို့ ရောင်းစားခဲ့ခြင်း ဖြစ်သည်။

ယင်းဓာတုပစ္စည်းသည် ဆေးများ၊ စက္ကူထုတ်လုပ်ခြင်းနှင့် အစားအစာ ထုတ်လုပ်ခြင်းတို့တွင် အသုံးပြုခြင်းခြင်း ဖြစ်ကာ DuPont သည် အဆိုပါ ဓာတုပစ္စည်း ဖြန့်ဖြူးသည့် ထိပ်တန်းကုမ္ပဏီ ဖြစ်သည်။

အဖမ်းခံထားရသူ နှစ်ဦးသည် အဆိုပါ ကုန်သွယ်ရေး လျှို့ဝှက်ချက်များကို တရုတ်ကုမ္ပဏီ ပန်အန်းသို့ ရောင်းချခဲ့ကြောင်း သက်သေ အထောက်အထားနှင့်တကွ တွေ့ရှိရသဖြင့် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ကာ ၎င်းတို့ကို ဇွန်လတွင် အမိန့်ချမည် ဖြစ်သည်။

ဝေါ်တာလျူးနှင့် ၎င်း၏ ဇနီးတို့သည် ၁၉၉၀ ကာလ များကတည်းက ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး DuPont မှ ဝန်ထမ်းဟောင်းများကို ခန့်ကာ တိုက်တေနီယမ် ဒိုင်အောက်ဆိုက်ဒ် ထုတ်လုပ်နည်း လျှို့ဝှက်ချက်များကို ရယူခဲ့သည်ဟု တရားရုံးက သတ်မှတ်ခဲ့သည်။

ထို့နောက် နောက်ဆုံးနည်းကို ရသောအခါ တရုတ်ကုမ္ပဏီသို့ အမေရိကန်ဒေါ်လာ သန်း၂၀ ဖြင့် ယင်းနည်းပညာကို ရောင်းချခဲ့ခြင်း ဖြစ်သည်။

သိပ္ပံပညာရှင် နှစ်ဦးလည်း ထိုအမှုတွင် ပါဝင် ပတ်သက်ခဲ့ပြီး တစ်ဦးက သေကြောင်းကြံစည် သွားခဲ့ကာ နောက်တစ်ဦးက မစ္စတာလျူးနှင့် ပူးပေါင်း ကြံစည်ခဲ့ကြောင်း တရားရုံးတွင် ဝန်ခံခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်ချက်ကို အလွန်စိတ်အနှောင့်အယှက် ဖြစ်ခဲ့ကာ အယူခံဝင်ဦးမည် ဖြစ်ကြောင်း လျူး၏ရှေ့နေ စတူးအက်ဂက်စ်နာက ပြောကြားခဲ့သည်။

တရားစွဲဆိုသူများက တရုတ် ကုမ္ပဏီကိုပါ တရားစွဲဆို ခဲ့သော်လည်း တရုတ်ကုမ္ပဏီကို တရားစွဲဆို ရလောက်အောင် တရားဥပဒေကြောင်းအရ မခိုင်လုံဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

The Voice Weekly