ယာဉ်ပိုင်ဆိုင်မှု အတုဖြင့် တရားမဝင်ယာဉ် ပေါင်နှံရောင်းချ

ပို့စ်တင်ချိန် - 3/07/2014 08:45:00 PM



ရန်ကုန်၊ မတ် ၆

မော်တော်ယာဉ် ပိုင်ဆိုင်ကြောင်း အထောက်အထား အတုပြုလုပ်၍ ရနေသဖြင့် မော်တော်ယာဉ် ဝန်ဆောင်မှု ကုမ္ပဏီများက လချုပ်ဖြင့် ငှားရမ်းထားသော ယာဉ်များကို လိမ်လည်သူ အချို့က တရားမဝင် ပေါင်နှံ ရောင်းချနေကြောင်း မော်တော်ယာဉ် အရောင်းလုပ်ငန်း၊ Taxi အငှားလုပ်ငန်းနှင့် မော်တော်ယာဉ် ငှားရမ်းခြင်း လုပ်ငန်းများ ဝန်ဆောင်မှု ပေးနေသည့် ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဝင်းထွဋ်က The Voice သို့ ပြောကြားသည်။

မော်တော်ယာဉ် Owner Book (ယာဉ်ပိုင်ဆိုင်ကြောင်း အထောက်အထား) အတုသည် အစစ်နှင့် အရောင်အသွေး၊ အဖုံးနှင့် ရောင်ပြန် အမှတ်အသား (Hologram) များပါ တူညီနေပြီး သေချာ စစ်ဆေးမှသာ လျှို့ဝှက်နံပါတ်၊ စာအုပ်တွင် ရေးထိုးထားသော အရာရှိ လက်မှတ်၊ ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသည့် နံပါတ်ပါသည့် တံဆိပ်တုံး မပါရှိခြင်း တို့ကို တွေ့ရှိရကြောင်း ဦးဝင်းထွဋ်က ဖြည့်စွက် ပြောကြားသည်။

“တရားဝင် မှတ်ပုံတင် အတုလုပ်တဲ့ လမ်းကြောင်းတွေကို ထိထိရောက်ရောက် နှိမ်နင်းစေချင်တယ်။ လုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီနဲ့ တတ်နိုင်တဲ့ ငွေကြေးလေးနဲ့ ပုဂ္ဂလိက စီးပွားရေး လုပ်နေတဲ့လူတွေ ထိခိုက် နစ်နာတာတွေကို ကာကွယ်နိုင်မယ်” ဟု ၎င်းကဆိုသည်။

ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီသည် ၂၀၁၂ ခုနှစ် ဧပြီလကစ၍ ကားများ ငှားရမ်းသည့် ဝန်ဆောင်မှု စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ငှားရမ်းထားသော ယာဉ်များ ငှားရမ်းခ ပေးရန်၊ ငှားရမ်းသည့် သက်တမ်း တိုးရန်နှင့် ကားစစ်ဆေးရန် ဆက်သွယ်စဉ်တွင် မော်တော်ယာဉ် ၁၀ စီးသည် အဆက်အသွယ် မရသဖြင့် နေအိမ်ကို သွားရောက် မေးမြန်းရာက ၎င်းတို့ ကုမ္ပဏီမှ ငှားရမ်းထားသော ကားများကို တစ်ဆင့် ပေါင်နှံထားခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရှိရသည့် အတွက် ရဲစခန်းကို အကြောင်းကြား၍ အမှုဖွင့်ထားကြောင်း ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီမှ Rental & Taxi Service မန်နေဂျာ ဦးဝင်းနိုင်က ရှင်းလင်း ပြောကြားသည်။

မော်တော်ယာဉ် Owner Book အတုနှင့် အစစ်သည် ပုံစံ ခပ်ဆင်ဆင် တူညီသော်လည်း အစစ်တွင် Fiber အမျှင် ပါရှိသည်ကို သတိပြု၍ အတုအစစ် ခွဲခြားနိုင်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။

မော်တော်ယာဉ် လောကတွင် ပွဲစား လူလိမ်များ လှည့်လိမ် နေသကဲ့သို့ လိမ်လည်၍ ရအောင် ယုံကြည်အောင် ပြုလုပ်၍ လိမ်လည်သည်ကို သတိထားသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

“Owner Book အတုလုပ်ရင် အရေးယူမယ့် ဥပဒေက ရှိပြီးသား။ စံပြအနေနဲ့ ထိထိရောက်အရောက် အရေးယူ ပြမှရမယ်။ ကလိမ်ကကျစ် လူရှုပ်လူပွေတွေ ကားလောကမှာ ဥပဒေကို လက်တစ်လုံးခြား လှည့်လိမ်နေကြတာ” ဟု ၎င်းကဆိုသည်။

အလွဲသုံးစား ပြုလုပ်ထား ခံရသော မော်တော်ယာဉ် ၁၀ စီးအနက် သုံးစီးကို ကားငှားရမ်းထားသူ များက ပေါင်နှံထားရာမှ ရွေး၍ ကုမ္ပဏီကို ပြန်အပ်ထားပြီး ဖြစ်ကြောင်း၊ ခြောက်စီးမှာ တိုင်တန်းထားသော ရဲစခန်းတွင် လာရောက် အပ်နှံထားပြီး ဖြစ်ပြီး ကျန်တစ်စီးကိုမူ ရှာဖွေ မတွေ့သေးကြောင်း ဦးဝင်းနိုင်က ပြောကြားသည်။

“တရားရုံး တင်ရင်တော့ ဥပဒေနဲ့ အညီ ရင်ဆိုင်ရမယ်။ လက်ရှိမှာ အာမခံနဲ့ လွှတ်ပေးလို့ ရနေတဲ့ အမှု ဖြစ်နေတဲ့ အတွက် ကျူးလွန်တဲ့ သူတွေဆီက Owner Book အတုလုပ်တဲ့ နေရာတွေ စုံစမ်းမရ ဖြစ်နေတော့ နောက်ဆက်တွဲတွေ ထပ်ကျူးလွန်နိုင်မယ်” ဟု ဦးဝင်းထွဋ်က ဆိုသည်။

ရောင်နီဦး ဝန်ဆောင်မှု ကုမ္ပဏီသည် Mark II ရွှေငါး၊ Crown၊ Nissan Tiida ဆလွန်း၊ Honda Fit၊ Swift၊ Vitz ယာဉ် အမျိုးအစားတို့ကို ငှားရမ်းနေပြီး တန်ဖိုးငွေ သိန်းကျပ် ၁၃၀ မှ ၁၆၀ ကြား မော်တော်ယာဉ် များကို တစ်လချုပ်၊ သုံးလချုပ်တို့ဖြင့် ငှားရမ်း ပေးနေကြောင်း အဆိုပါ ကုမ္ပဏီက သိရှိရသည်။

The Voice Weekly