ကမ်းပါးပြိုဒေသခံများ အစားထိုး မြေနေရာတွင် ရွှေ့ပြောင်း စရိတ်ကြောင့် နေထိုင်သူမရှိ

ပို့စ်တင်ချိန် - 3/07/2014 05:54:00 PM


ရွှေတောင်၊ မတ် ၆

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်ခရိုင် ရွှေတောင်မြို့ ရင်းမူကုန်း ကျေးရွာအုပ်စုတွင် ယခင်နှစ်မိုးကာလက ကမ်းပါး ပြိုကျခဲ့၍ နေအိမ်များ ပျက်စီးခဲ့ရသူများကို မြေနေရာ ပြန်လည် အစားပေးထားသော်လည်း ရွှေ့ပြောင်းစရိတ် အခက်အခဲကြောင့် ရွှေ့ပြောင်းနေထိုင်သူ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ကမ်းပါးပြိုကျနိုင်သည့် နေရာများရှိ ဒေသခံ ၃၀ ဦးအတွက် ပေ၂၀၊ ပေ ၆၀ မြေကွက်များကို ဝယ်ယူ၍ အစားပြန်ပေး ထားသော်လည်း တဲ ၁၃ လုံးသာ ဆောက်လုပ်ထားပြီး လူနေထိုင်ခြင်း မရှိသေးကြောင်း ဒေသခံ ဦးဘိုဝင်းက ပြောကြားသည်။
“ပေးထားတဲ့ မြေဧရိယာတွေလည်း မမှန်တဲ့အပြင် မြေယာကော်မတီက အိမ်ဆောက်ရင်ဆောက် မဆောက်ရင် သိမ်းမယ်လို့လည်း ပြောတယ်။ ထောက်ပံ့ကြေး ပေးတာ မရှိလို့ ပြောင်းရွှေ့စရိတ်လည်း မတတ်နိုင်ဘူး။ ဒုက္ခသည်တွေကတော့ ရွာထဲက အိမ်တွေမှာ ဒီလိုပဲ ကပ်နေကြတာပဲ” ဟု ၎င်းက ဆိုသည်။

ကမ်းပါးမှာ ဇွန်လပိုင်းမှစ၍ ပြိုကျနေပြီး ကျေးရွာရှိ ရပ်ကွက်နှစ်ခုမှ အိမ်ခြေ ၁၅၀ ခန့် ရွှေ့ပြောင်းခဲ့ရပြီး ဒေသခံများ လုပ်ကိုင်သည့် မြေယာများလည်း မြေပြိုရာတွင် ပါသွားခဲ့သည့်အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။

ရင်းမူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးက ၁၄ လုံးဆောက်နေတယ်။ ဆောက်ဖို့ ပြောထားပေမယ့် ငွေကြေး အဆင်မပြေတာတွေလည်း ရှိတယ်။ ဆောက်မယ်ဆိုရင် မြေယာကော်မတီနဲ့ ညှိပြီးဆောက်ရမယ်။ မြေနေရာရတဲ့သူတွေက အိမ်ပြိုကျတဲ့သူတွေနဲ့ အန္တရာယ်ရှိလို့ ရွှေ့ပြောင်းခိုင်းတဲ့ သူတွေကို ဦးစားပေးပြီး ပေးထားတယ်” ဟု ဆိုသည်။

ပြိုကျခဲ့သည့် ကမ်းပါးအနီး ကိုက် ၂၀၀ ခန့်တွင် အထက်တန်းကျောင်း၊ ပြည့်လုံးချမ်းသာစေတီနှင့် တိုင်တစ်ရာ ဘုန်းကြီးကျောင်းတို့ရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက ရေကာတာ ကာရံပေးမည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိ အချိန်အထိ ပြုလုပ်ပေးခြင်း မရှိသေးသည့်အတွက် ယခုနှစ်မိုးတွင်းတွင် ထပ်မံပြိုကျမည်ကို စိုးရိမ်နေကြောင်း ရင်းမူကုန်း ကျေးရွာနေ ဒေသခံများထံမှ သိရသည်။

The Voice Weekly