ပြည်သူကျွေးသည့်ထမင်း စားနေသည်ကို အစိုးရ မမေ့သင့်ဟု ပြည်ခိုင်ဖြိုးအမတ် ဝေဖန်

ပို့စ်တင်ချိန် - 3/07/2014 10:05:00 AM



၆.၃.၂၀၁၄၊ ကြာသပတေးနေ့

ပြည်သူတို့၏ နစ်နာဆုံးရှုံးနေမှုများကို အစိုးရဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းနေသည့်အတွက် ပြည် သူလူထုကကျွေးသည့် ထမင်းစားနေသည်ကို မမေ့ဘဲ ခေါင်းထဲတွင် စွဲနေသင့်သည်ဟု ပဲခူးတိုင်းမှ အထက်လွှတ်တော်အမတ် ဦးမြင့်ထွန်းက ဝေဖန်လိုက်သည်။

“တာဝန်ကျတော့ မကျေဘဲနဲ့ အခွင့်အရေးကျတော့ နားရွက်ရွှံ့ပေတဲ့အထိ လက်တစ်ဆုံးများ နှိုက်မိနေ ကြသလားဆိုတဲ့ ခံယူချက်ကလေးတွေ ထားလိုက်မယ်ဆိုရင် အလုပ်တွေ ပြီးစီး အောင်မြင်ပြီးတော့မှ ပြည်သူ့မေတ္တာလည်း ရောင်ပြန်ဟပ်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် လည်းဖြစ်သည့် ဦးမြင့်ထွန်းက ပြောသည်။

မတ်လ ၅ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ် ၎င်းက အစိုးရကိုဝေဖန်လိုက် ခြင်းဖြစ်သည်။ အဆိုပါ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီက ပြည်သူတို့၏ တိုင်ကြားစာ အမှု တွဲပေါင်း ၁,၂၆၉ မှုအနက် ၂၀၁၃ ခုနှစ် နှစ်ကုန်သည်အထိ အမှုပေါင်း ငါးရာကျော်သာ ဖြေရှင်းပေးခဲ့ သည်ဟု ဖေဖော်ဝါရီ ၂၆ ရက်က အမျိုးသားလွှတ်တော်သို့ အစီရင်ခံထားသည်။

ဖြေရှင်းပေးမှုမရှိသည့်အပြင် အကြောင်းပင်မပြန်ခဲ့သည့် အမှုတွဲပေါင်းမှာ ၇၅၇ မှုရှိနေပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ၇၃၀ မှု၊ တရားလွှတ်တော်ချုပ်က ၂၇ မှု ဖြစ်သည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။

ယခုကဲ့သို့ အားနည်းနေမှုအပေါ်ကိုလည်း ဦးမြင့်ထွန်းက “အမြန်လမ်းမကြီး တကူးတက ဖောက်ထားပြီး ငါးမိုင်၊ ဆယ်မိုင်နှုန်းနဲ့ ကားမောင်းနေသလို ဖြစ်နေပါတယ်”ဟု ထောက်ပြခဲ့သည်။

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီကို ၂၀၁၁ ခု၊ သြဂုတ်လဆန်းပိုင်းက စတင်ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်မှာ တိုင်ကြားမှုများကို မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စိစစ်ရပြီး မှန်ကန်မှုရှိသည့် တိုင်ကြား ချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ရသည်။

တိုင်ကြားစာအချို့တွင် “ပြည်သူတွေမှာ ဘ၀ပျက်လောက်အောင်ဖြစ်နေပြီးတော့ တရားဥပဒေရဲ့ အကာ အကွယ်ကို အပြည့်အ၀မရလို့ ဒုက္ခပင်လယ်ဝေနေကြတာတွေ တွေ့နေရပါတယ်”ဟု ဦးမြင့်ထွန်းကပြော သည်။ ယင်းအပြင် လွှတ်တော်အမတ်များ၏ မေးမြန်းတောင်းဆိုမှုများကို လာရောက်ဖြေကြားသည့်ပြည် ထောင်စုအစိုးရ၏ ၀န်ကြီးနှင့် ဒု-၀န်ကြီးတို့ကိုလည်း ၎င်းက ဝေဖန်ခဲ့သေးသည်။

“ကိုယ်စားလှယ်တွေကမေးရင် မလုပ်နိုင်သေးပါဘူး။ အစီအစဉ်မရှိသေးပါဘူးဆိုတဲ့ အဖြေတွေက များ နေတော့ တစ်ခါတလေမှာ အဖျားက ရှူးသွားတတ်ပါတယ်။ တချို့ကျတော့ ဖြေတတ်ပါတယ်။ ဘယ်လို လုပ်ပါမယ်။ ဘယ်တော့ရပါမယ်ပေါ့။ ဒါပေမဲ့ ဒီကတိတွေကလည်း ပေးပြီးတော့မတည်ပြန်ဘူး”ဟု ဦးမြင့် ထွန်းက ဆိုသည်။

လက်ရှိတွင် လယ်ယာမြေ မတရားသိမ်းဆည်းခံရမှုများကို ဖြေရှင်းပေးရန် တိုင်ကြားထားသည့် အမှုများ ကိုလည်း အစိုးရက ထိထိရောက်ရောက် ဖြေရှင်းနိုင်ခြင်းမရှိသေးဘဲ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ နေ့ စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိနေသည်။

ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီအနေဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိပုဂ်္ဂိုလ်များကို ဖိတ်ပြီး မေးမြန်းပိုင်ခွင့်ရှိသည့်အပြင် အများပြည်သူ အကျိုးစီးပွားနှင့်သက်ဆိုင်ပါက ကွင်းဆင်းစစ်ဆေးနိုင်သည်ဟု လုပ်ငန်းတာဝန်တွင် ပါရှိသည်။

Mizzima - News in Burmese