တန်ဖိုး နှင့် နေရာ

ပို့စ်တင်ချိန် - 3/07/2014 10:06:00 AM


Written by:
သဲသီရိကျော်
ကျွန်မက စာရေးတာ ၀ါသနာပါသူပီပီ အတွေးတော်တော်ခေါင်တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ တစ်ခုသော အားလပ်ရက်နေ့ တစ်နေ့မှာတော့ ကျွန်မအဖေနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ခဲ့ရာကနေ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ပတ်သက်ပြီး ကျွန်မစတင် စဉ်းစားမိတော့တာပါပဲ။

ကျွန်မတို့ရဲ့ နေ့စဉ်ရှင်သန်နေရတဲ့ ဘ၀တွေထဲမှာ နေရာဒေသအမျိုးမျိုး လူအမျိုးမျိုးတို့ဟာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေနဲ့ ကိုယ် ရုန်းကန်နေကြရပါတယ်။ ပညာတတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သာမန် လက်လုပ်လက်စားတွေ စသဖြင့် အများကြီးပါပဲ။

မတူညီတဲ့ လူတစ်ဦးစီမှာ တူညီတဲ့တန်ဖိုးတွေရော ရှိနိုင်ပါ့မလားလို့ စဉ်းစားမိတဲ့ကျွန်မဟာ အတွေးခေါင်သူတစ်ယောက်လည်း ဖြစ်နိုင်ပါရဲ့။လူတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လိုအရာတွေနဲ့ တိုင်းတာမလဲ။ တန်ဖိုးရှိတဲ့သူ ဆိုတာကရော ဘယ်လိုလူမျိုးတွေကို ပြောတာလဲ။ စဉ်းစားစရာပါပဲ။

သာမန်ဝန် ထမ်းတစ်ဦးက မန်နေဂျာရာထူးရထားတဲ့သူနဲ့ ယှဉ်ရင် သူက တန်ဖိုးပိုနိမ့်တဲ့သူလို့ရော သတ်မှတ်လို့ ရနိုင်မလား။ လူတစ်ယောက်ရဲ့တန်ဖိုးက သူ့အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည်သလား၊ ဒါမှမဟုတ် စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားပေါ် မူတည်သလားဆိုတာတော့ သေချာသိဖို့ လိုအပ်ပါလိမ့်မယ်။

“လူတစ်ယောက်ချင်းစီမှာ တန်ဖိုးတွေကိုယ်စီ ရှိပါတယ်”လို့ ကျွန်မဖေဖေက ပြောဖူးတယ်။ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာလည်း သူဌေးတစ်ယောက်က ကုန်းပေါ်မှာ ဘယ်လောက်ပဲတန်ဖိုးရှိတဲ့သူ ဖြစ်ဖြစ် ပင်လယ်သမုဒ္ဒရာထဲမှာ သွားနေတဲ့လှေ တစ်စင်းပေါ်မှာတော့ စီးနေတဲ့သူဌေးကြီးထက် လှေထိုးသားက ပိုတန်ဖိုးရှိတဲ့သူ ဖြစ်နေမှာပါပဲ။

ဒီတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာလည်း နေရာဒေသနဲ့ အခြေအနေအချိန်အခါပေါ် မူတည်ပြီး သတ်မှတ်ရတဲ့ အရာမျိုးပေါ့။ ဒါဆို လူတစ်ယောက်ရဲ့ တန်ဖိုးကိုလည်း ရာထူးဂုဏ်ဒြပ်တွေနဲ့ တိုင်းတာလို့ မရပါဘူး။ သူရဲ့အသုံးဝင်မှု ပမာဏနဲ့ တိုင်းတာရမယ် ထင်ပါတယ်။

တကယ်တော့ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်တန်ဖိုးတွေ ရှိပါတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုတန်ဖိုးပိုရှိသလဲ ဆိုတာဟာ အဲဒီလူလုပ်နေတဲ့အလုပ်၊ ရောက်နေတဲ့ နေရာနဲ့ ရာထူးဂုဏ်ဒြပ်တွေပေါ် မူတည်ခြင်း မရှိပါဘူး။ သူရဲ့လုပ်ဆောင်ချက်နဲ့ ခံယူချက် စိတ်ဓာတ်တွေပေါ် မူတည်ပြီးတော့သာ ဘယ်သူက ဘယ်သူ့ထက် ပိုတန်ဖိုးရှိတယ် ဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ် ဆိုတာ   .   .   .

ဒီတော့ လူတစ်ယောက်ဟာ နေရာတကာမှာ အသုံးဝင်နေတဲ့သူရော ဖြစ်နိုင်ပါ့မလား။ တကယ်တော့ လူတစ်ယောက်ဟာ နေရာတိုင်းမှာ အသုံးဝင်နေဖို့၊ အစစအရာရာမှာ အရေးပါနေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ လူတိုင်းက အရာရာ မပြည့်စုံနိုင်ပါဘူး။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေနဲ့ အခြားသူတွေကို ဘယ်လောက်ထိ အကျိုးပြုနိုင်မလဲဆိုတာကသာ လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာလို့ ရပါလိမ့်မယ်။အခြားသူတွေကို အကျိုးမပြုနိုင်ရင်တောင် မထိခိုက်စေတဲ့အလုပ်မျိုးကိုလုပ်မှသာ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်မှာလို့ ဆရာတစ်ယောက်က ဆုံးမပြောဆိုခဲ့ပါတယ်။

ငယ်ငယ်တုန်းက လူကြီးသူမတွေ ဆိုဆုံးမပြောဆိုတာကို ဘာပဲဖြစ်ဖြစ် ငြိမ်သက်နားထောင်ခဲ့ရပေမယ့် အသက်အရွယ်လေး နည်းနည်းရလာတော့ ငါသိ၊ ငါတတ်ဆိုတဲ့ စိတ်ကလေးနဲ့ တစ်ခုခုဆို အထွန့်တက်မေးမိပြန်ရော။ ဒါဆိုကျွန်မတို့လုပ်နေတဲ့ မီဒီယာအလုပ်ကရော။ တချို့သောသူတွေကို မထိခိုက်နိုင်ဘူးလားလို့။ သိရက်နဲ့ ဆရာဖြစ်သူရဲ့ဖြေရှင်းချက်ဟာ ကျွန်မသိထားတဲ့  အကြောင်းအရာတစ်ခုကို အတည်ပြုပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထပ်မေးမိတယ်။ အမှန်တရားအတွက် လုပ်တဲ့အလုပ်၊ အများအကျိုးအတွက် လုပ်တဲ့အလုပ်ဟာ မှားနေတဲ့သူတွေ၊ မသမာတဲ့သူတချို့ရဲ့ ဘ၀ကို ထိခိုက်နစ်နာမှုတွေ ရှိနိုင်ပေမဲ့ အားနည်းသူတွေ၊ မသိနားမလည်တဲ့ ပြည်သူတွေရဲ့ဘက်ကနေ အမှန်တရားကို ဖော်ထုတ်ပေးနိုင်တဲ့အတွက် တန်ဖိုးရှိတာပါပဲတဲ့လေ။

လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လုပ်ငန်းက ပိုတန်ဖိုးရှိတယ်၊ ဘယ်သူက ပိုအကျိုးပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မမေးခွန်းကို ဆရာပေးတဲ့ အဖြေကအရမ်းကို မှတ်သားထိုက်ပါတယ်။

“အလုပ်တစ်ခုကိုလုပ်တဲ့အခါ စေတနာပါဖို့လိုတယ်။ကိုယ့်အတွက်၊ ကိုယ့်မိသားစု ရပ်တည်မှုအတွက် အလုပ်လုပ်တယ်ဆိုပေမဲ့ အများကောင်းကျိုးအတွက်ရော ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတာလည်း ကြည့်ရမယ်။ ငွေအတွက် သက်သက်၊ ဂုဏ်အတွက် သက်သက်၊ လူနည်းစုအတွက် ကောင်းပြီး လူအများကြီးကို ထိခိုက်စေမယ့် အလုပ်မျိုးလုပ်တဲ့သူကတော့ ဘယ်နေရာ၊ ဘယ်အလုပ်မှာ ဘယ်လို ရာထူးနဲ့ လုပ်နေ လုပ်နေ တန်ဖိုးရှိတဲ့သူ မဖြစ်နိုင်ဘူး။

ကိုယ့်ဘ၀အတွက်၊ ကိုယ့်မိသားစု ရပ်တည်မှုအတွက် လုပ်နေပေမယ့် တစ်ပြိုင်နက် တခြားသူတွေကိုလည်း အကျိုးပြုနိုင်ရမယ်။ သိပ်ကြီးကြီးမားမား မဟုတ်ရင်တောင် ကိုယ်လုပ်တဲ့အလုပ်ကို စေတနာလေးထည့်ပြီး လုပ်ရမယ်။ ရယူလိုမှု သက်သက်အတွက်နဲ့ သူတစ်ပါးရဲ့ဘ၀တွေကို မထိခိုက် မနစ်နာစေတဲ့သူဟာ တန်ဖိုးရှိတဲ့သူပါပဲ” တဲ့လေ။

ဒါဆိုရင် လူတစ်ယောက်ချင်းစီရဲ့ တန်ဖိုးကို သူ့ရဲ့ခံယူတဲ့စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေပေါ်မှာပဲ တိုင်းတာလို့ ရပါတယ်။ဘ၀အတွက် ဘာမှမလုပ်တဲ့သူ၊ ဘယ်သူ့အတွက်မှ ဘာမှအကျိုးမပြုနိုင်တဲ့သူကတော့ တန်ဖိုးမဲ့တဲ့သူ ဖြစ်နေဦးမှာပါပဲ။ လုပ်နေတဲ့ အလုပ်နဲ့ ရောက်နေတဲ့နေရာထက် အဲဒီနေရာမှာ ကိုယ်ဘယ်လို စိတ်ဓာတ်၊ ခံယူချက်တွေနဲ့ ဘာတွေကို လုပ်ဆောင်နေသလဲဆို တာကသာ အဲဒီလူရဲ့တန်ဖိုးဖြစ်ပါတယ်။

ဒါဆို ပညာတတ်တစ်ယောက်ဟာလည်း သူ့တန်ဖိုးနဲ့ သူ ရှိနိုင်သလို၊ သာမန် လက်လုပ်လက်စား တစ်ယောက်ဟာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ ဘယ်သူ တန်ဖိုးပိုရှိသလဲဆိုတာကိုတော့ ကျွန်မဆရာ ပြောခဲ့ဖူးသလိုပဲ သူလုပ်နေတဲ့အလုပ်ပေါ်မှာ သူထားရှိတဲ့ ခံယူချက်စိတ်ဓာတ်နဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ တိုင်းတာရမှာပါ။ ကျွန်မသိသလောက်လေးကိုပဲ ကျွန်မထက် ပိုသိတဲ့၊ ပိုနားလည်တဲ့ ဆရာသမားတွေ၊ လူကြီးမိဘတွေရဲ့ ပြောဆိုဆုံးမမှုတွေကနေ တစ်ဆင့် ပိုမိုဆင်ခြင်သုံးသပ်ပြီး  သိခွင့်ရခဲ့ပါတယ်။

တကယ်တော့ လူတစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်တန်ဖိုးတွေ ရှိပါတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုတန်ဖိုးပိုရှိသလဲဆိုတာဟာ အဲဒီလူလုပ်နေတဲ့အလုပ်၊ ရောက်နေတဲ့ နေရာနဲ့ ရာထူးဂုဏ်ဒြပ်တွေပေါ် မူတည်ခြင်း မရှိပါဘူး။ သူရဲ့လုပ်ဆောင်ချက်နဲ့ ခံယူချက် စိတ်ဓာတ်တွေပေါ် မူတည်ပြီးတော့သာ ဘယ်သူက ဘယ်သူ့ထက် ပိုတန်ဖိုးရှိတယ်ဆိုတာကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်ဆိုတာ ပြောကြားရင်း…။

Credit: EMG