ရွှေဈေးကွက်ကို ကြိုးကိုင် ခြယ်လှယ်မှုဖြင့် Barclays Bank နှင့် HSBC အပါအဝင် ထိပ်တန်းဘဏ်ငါးခု တရားစွဲခံရ

ပို့စ်တင်ချိန် - 3/07/2014 06:10:00 PM


နယူးယောက်၊ မတ် ၆

Barclays Bank နှင့် HSBC အပါအဝင် လန်ဒန် ရွှေဈေးကွက် ဗဟိုချက်မရှိ ထိပ်တန်း ဘဏ်ငါးခုသည် ရွှေဈေးကွက်ကို ကြိုးကိုင် ခြယ်လှယ်မှုဖြင့် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ တရားရုံး တစ်ခုတွင် တရားစွဲဆိုခြင်း ခံထားရသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

Barclays Bank၊ HSBC၊ Societe Generale ၊ Deutsche Bank နှင့် Bank of Nova Scotia ဘဏ်တို့သည် ရွှေနှင့် အခြားဆက်စပ်စာချုပ်၊ စာတမ်းများ အရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် တစ်ရက်လျှင်နှစ်ကြိမ် ထုတ်ပြန်သော စံရွှေဈေးနှုန်း (London Gold Fix) ကို ကြိုးကိုင် ခြယ်လှယ်လျက် ရှိသည်ဟုဆိုကာ ရွှေဈေးနှုန်း ကြိုတင်ခန့်မှန်း အရောင်းအဝယ် ပြုလုပ်သူ အမေရိကန် စီးပွားရေးသမား ကီဗင်မားဟ်က နယူးယောက်မြို့ရှိ တရားရုံး တစ်ခုတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဘဏ်ကြီး ငါးဘဏ်သည် ရွှေနှင့် အခြားဆက်စပ် စာချုပ်စာတမ်းများ ဈေးနှုန်းကို ကြိုးကိုင် ခြယ်လှယ်ရန်အတွက် ၂၀၀၄ ခုနှစ်မှစတင်ကာ ပူးပေါင်း လုပ်ကိုင် ခဲ့ကြသည်ဟု ကီဗင်မားဟ် တင်သွင်းသည့် အမှုတွဲထဲတွင် ဖော်ပြထားသည်။

ရွှေဈေးနှုန်းသည် London Gold Fix ကြေညာမည့် အချိန်တစ်ဝိုက်တွင် ဈေးကစား ခံရမှုများ ရှိခဲ့ကြောင်းနှင့် လက်ရှိ အချိန်ထိလည်း ဈေးကစားခံရမှုများ ရှိနေဆဲ ဖြစ်သည်ဟု ကီဗင်မားဟ်က လတ်တလော ပြုလုပ်ထားသည့် လေ့လာမှုများနှင့် သရုပ်ခွဲ ဆန်းစစ်မှုများကို ကိုးကားပြီး ပြောကြားခဲ့သည်။

ထို့ပြင် ကီဗင်မားဟ်က အချို့တာဝန်ရှိသူများနှင့် ဘဏ်များသည် အခြားသူများကြောင့် ပေါ်ပေါက် လာနိုင်ခြေရှိသည့် ရွှေဈေး ကစားမှုများကို ၎င်းတို့ကိုယ်တိုင် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သေးသည်ဟုလည်း စွပ်စွဲ ပြောကြားခဲ့သည်။

ရွှေဈေးကြိုး ကိုင်ခြယ်လှယ်မှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များက နယူးယောက် ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်လျက်ရှိသောသူနှင့် အခြားရွှေ အရောင်းအဝယ်သမား များကို ထိခိုက် ခဲ့ကြောင်းနှင့် သူဖွင့်ထားသော အမှုတွဲတွင် အခြားသူများလည်း တရားလိုအနေနှင့် လာရောက် ပူးပေါင်းနိုင်ကြောင်း ကီဗင်မားဟ်က ပြောကြားခဲ့သည်။

ဘဏ္ဍာရေး ဈေးကွက်အတွက် အရေးပါလှသည့် ဘဏ်အချင်းချင်းကြား ငွေချေးယူသည့် စံအတိုးနှုန်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများအပေါ် ထိပ်တန်းဘဏ်များမှ အရောင်းအဝယ်သမားက ကြိုးကိုင် ချယ်လှယ်နေခြင်း ရှိ၊ မရှိ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပြီးသည့် နောက်တွင် ယခုကဲ့သို့ ရွှေဈေးနှုန်းနှင့် ပတ်သက်သည့် ကီဗင်မားဟ်၏ တရားစွဲဆိုမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

Societe General ဘဏ်ကမူ ရွှေဈေးနှုန်းကို ကြိုးကိုင် ခြယ်လှယ်နေသည်ဟူသော စွပ်စွဲမှုမှာ အခြေအမြစ် မရှိသော စွပ်စွဲမှု ဖြစ်ပြီး စွပ်စွဲချက်များကို ရင်ဆိုင် ဖြေရှင်း သွားမည်ဟု ပြောကြားခဲ့သည်။

The Voice Weekly