မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတဲ့ ပင်စင်စားတစ်ဦး – ပေးစာ

ပို့စ်တင်ချိန် - 3/07/2014 12:44:00 PM


မြေကို မ၀ယ်နိုင်၍ သထုံမြို့၊ အမှတ်(၅၀၂) အမြောက်တပ်ရင်း ပိုင်မြေ (၉.၅)ဧကပေါ်တွင် (၈၅း၁၅) အချိုးဖြင့် အကျိုးတူ စာချုပ်စာတမ်းနှင့် ရာဘာဝင်ရောက် စိုက်ပျိုး လုပ်ကိုင်ခဲ့ပါသည်။၂၀၁၁ -၂၀၁၂ ရာသီတွင် စတင် စိုက်ပျိုးခဲ့ပြီး ယခု ၂၀၁၃-၂၀၁၄ ရာသီတွင် (၃)နှစ်သား အပင်လုံးပတ်မှာ ၆လက်မ၊ ၇လက်မခန့် ရှိနေပြီး အပင် အရေအတွက်မှာ (၂၀၆၀)ပင် ဖြစ်ပါသည်။

သထုံမြို့နယ်၊ ထောင်မှူး ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၁၆) တွင် ဖြစ်ပါသည်။ စိုက်ပျိုးထားသော မျိုးများမှာ PB 260. RRIM 24.2000 စီးရီး ၂၀၁၂ မျိုးများ ဖြစ်ပါသည်။ မြေဖိုးမပါကာလ တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ခန့် ဖြစ်ပါသည်။

(၄-၂-၂၀၁၄) ရက်နေ့ နံနက်တွင် ဒေသခံ အလုပ်သမား သမဂ္ဂအဖွဲ့မှ ဟုဆိုကာ လူအင်အား (၁၀၀)က ဖျက်ဆီး ပစ်ခဲ့ကြပါသည်။ မိမိနှင့် ဆက်စပ်လျက်(၁၀)ဧက၊ မိမိ (၉.၅)ဧက၊ စုစုပေါင်း တပ်ပိုင်မြေ (၁၉.၅) ဧကပေါ်ရှိ အပင်များ အားလုံးကို တစ်ပင်မကျန် ဖျက်ဆီးခဲ့ကြပါသည်။ ကာလတန်ဖိုး (မြေဖိုးမပါ) ကျပ်သိန်း ၄၀၀ ကျော်ဖိုးကို နာရီဝက်အတွင်း ခုတ်ဖြတ်ဖျက်ဆီး ခဲ့ကြပါသည်။

ခုတ်ဖြတ်ဖျက်ဆီးပြီး ဘယ်ရောက်ကုန်မှန်း မသိတော့သည့် အချိန်ကျမှသာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲစခန်းမှူး၊ အမှတ် (၅၀၂) တပ်ရင်းမှူး စသည်တို့ ရောက်ရှိလာကြပြီး မှတ်တမ်းများယူ ဓာတ်ပုံများ ရိုက်ကြ ပါသည်။ အလားတူ ဖြစ်ရပ်မျိုး သထုံမြို့နယ်တွင် ဖြစ်ခဲ့သည်မှာ (၂၂-၂-၂၀၁၄) နေ့မှ စတင်ကာ ယနေ့ (၂၄-၂-၂၀၁၄) ရက်နေ့ထိ (၃)ရက်တိုင်တိုင် ရှိပြီးဖြစ်ပါသည်။ မိမိကဲ့သို့ နစ်နာ ဆုံးရှုံးခဲ့သော ခြံရှင်များလည်း မနည်းတော့ပါ။ တပ်ရင်းမှူးမှလည်း မိမိတပ်ပိုင်မြေကို မကာကွယ်နိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး စသည်တို့ကလည်း ဖြစ်စဉ်ပြီးမှ စာရင်းလိုက်ကောက်သော အဆင့်သာ ရှိပါသည်။

မိမိအနေဖြင့် အငြိမ်းစားဝန်ထမ်း ဖြစ်သည့်အတွက် ကျားကုပ် ကျားခဲ ကြိုးစားခဲ့ရသည်ကို ယခုလို ဖြစ်ရပ် မျိုးကြောင့် အနာကြီး နာခဲ့ရသည်ကို ကာယကံရှင်နှင့် ထပ်တူ မည်သူ ခံစားနိုင်ပါမည်နည်း။ အလုပ်သမား သမဂ္ဂသည် ပြည်သူဟုဆိုလျှင် လုပ်သက် (၃၃) နှစ် ၀န်ထမ်းလုပ်ခဲ့ပြီး ဆုကြေးငွေသိန်း (၂၀) ကျော်ဖြင့် ရင်းနှီးမတည် ခဲ့ရသည့် လုပ်ငန်းဖြစ်သည့်အတွက် မိမိက ပို၍ နစ်နာ ဆုံးရှုံးရပါသည်။ ကြေကွဲရပါသည်။ ပင်စင်စားတစ်ယောက် အနေဖြင့် ရူးသွားလို့ရတဲ့ ကိစ္စမျိုး ဖြစ်ပါသည်။

တပ်ကလည်း မိမိတပ်ပိုင်မြေကို မကာကွယ်နိုင်၊ ရဲကလည်း ဘာအမိန့်မှ မရထားသည့်အတွက် လုပ်လို့ မရဘူးဟုပြော၊ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း မှတ်တမ်း အဆင့်သာ ရှိနေသည်ဆိုလျှင် နောက်နေ့၊ နောက်နေ့များတွင် ဘယ်နှစ်ခြံကို ဆက်ရှင်းဖြစ်ဦးမည် မသိပါ။

ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘူးလား ဟူ၍ မေးချင်ပါသည်။ ကျွန်တော်တို့ သည်နိုင်ငံရေး၏ သားကောင်တွေ ဖြစ်သွားပြီလားဟုလည်း မေးလိုပါသည်။

- နိုင်ငံတော်သမ္မတကို သိစေချင်ပါသည်။

- ကာကွယ်ရေးဦးစီးချုပ်ကို သိစေချင်ပါသည်။

- ပြည်ထဲရေးဝန်ကြီးကိုလည်း သိစေချင်ပါသည်။

- မွန်ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း သိစေချင်ပါသည်။

မည်သူတာဝန်ရှိမှန်းမသိ တရားဥပဒေစိုးမိုးမှုမရှိသော ဤအခြေအနေဆိုးကြီးကို တည်ဆဲဥပဒေများဖြင့် ကယ်တင် နိုင်ပါရန် အသနားခံ တင်ပြ တိုင်ကြားအပ်ပါသည်။

ဦးအောင်မင်းစိန်

သထုံမြို့။

Myanmar Thandawsint Newspaper