အင်းစိန်ထောင် တော်လှန်ရေး

ပို့စ်တင်ချိန် - 6/18/2014 11:14:00 AM



တစ်ချိန်ကဖြစ်သည်။ ရက်စက်ကြမ်းကြုတ်မှုများ စုဝေးရာ၊ ညှဉ်းပန်းနှိပ်စက်မှုများ၏ ပြယုဂ်အဖြစ် အင်းစိန်ထောင်နာမည်ကျော်ခဲ့သည်။ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားဆန်မှုနှင့် လူ့ဂုဏ်သိက္ခာကို အဆုံးစွန်အထိ ချနင်းရဲသော အာဏာပိုင်တို့၏ လက်ရဲဇက်ရဲနိုင်မှုများကို နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ထောင်လက်ရာစာအုပ်များတွင် တခမ်းတနားဖော်ပြခြင်းဖြင့် အင်းစိန်ထောင် ကမ္ဘာကျော်ခဲ့ရခြင်းဖြစ်သည်။ယနေ့အင်းစိန်ထောင်မှာတော့ ဆယ်တန်းအောင်အကျဉ်းသားနှစ်ဦးကို မွေးထုတ်လိုက်ခြင်းဖြင့် ဆိုးညစ်သော ထောင်သမိုင်းကို အကြီးမားဆုံး ပြောင်းလဲလိုက်သည်။ စာရေးဆရာဖေမြင့်၏ ‘‘စာမသင်ရ၊ စာမဖတ်ရ စာအုပ်မရှိစေရ’’အမည်အတိုင်း ဘောပင်တစ်ချောင်းတွေ့ရုံဖြင့် လပေါင်းများစွာ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့ရသော အင်းစိန်ထောင်တွင် စာမေးပွဲဖြေခွင့်ပေးခြင်းမှာ မယုံရင်ပုံပြင်မှတ်ရမလို ဖြစ်နေသည်။

၂၀၁၀ နောက်ပိုင်း အင်းစိန်ထောင်တွင် ယခင်က ကျောက်ခဲ၊ သဲအလိမ်းလိမ်းဖြင့် မ၀ရေစာ ထောင်ထမင်းကို ယခုတော့ ကြိုက်သလောက် အ၀စားခွင့်ပေးသည်။ ဆန်ဖြူဆိုသော်လည်း ဆန်ကွဲသာသာဖြစ်ပြီး ကျောက်ခဲနှင့် သဲတို့ မပါသည့် သန့်ရှင်းသောထမင်း ဖြစ်လာသည်။ တစ်ပတ်နှစ်ရက် ကြက်သားကို မျှစ်ချဉ်၊ ကုလားပဲတို့ဖြင့်ရောသော အသားဟင်းကို အကျဉ်းသားတစ်ဦးလျှင် ၆၂၅ ကျပ်နှုန်းဖြင့် စီစဉ်ကျွေးမွေးသည်။

ရေကန်စောင့် ဗာရာအော်မှ ခပ်ချိုးခွင့်ရသော ရေချိုးစနစ်မရှိတော့ဘဲ စိတ်ကြိုက်အ၀ချိုးနိုင်သော ရေကန်ကြီးများ ထပ်ဖြည့်တည်ဆောက်ထားသည်။ ထောင်ဝင်စာတွေ့ချိန်ကို ၁၅ မိနစ်မှ နာရီဝက် တိုးပေးလိုက်သည်။ သတင်းစာအပိုင်းအစလေးများတွေ့လျှင်ပင် အနည်းဆုံး ထောင်ခုနစ်နှစ် ထပ်ချနိုင်သော အင်းစိန်ထောင်ထဲသို့ လစဉ်အပတ်စဉ်နှင့် နေ့စဉ်ထုတ်သတင်းစာ စာနယ်ဇင်းများ ကြိုက်သလောက် သယ်ယူဖတ်ရှုခွင့်ပြုခဲ့သည်။ အကျဉ်းသားအချင်းချင်း ဗိုလ်ကျစိုးမိုးအုပ်ချုပ်စေခဲ့သော တန်းစီးစနစ်မထားတော့ဟု ဆိုသည်။

ယခင်အစဉ်အဆက် နိုင်ငံရေးအကျဉ်းသားအချို့ ဖြစ်စေချင်ခဲ့သော ထောင်စာကြည့်တိုက်ကို လက်ရှိထောင်ပိုင် ဦးကျော်ဌေးက ရွေ့လျားစာကြည့်တိုက်အဖြစ် အကောင်အထည်ဖော်နေသည်။ စာမတတ်သူ အကျဉ်းသားများကို သူငယ်တန်းတွင် ကျောင်းပြန်တက်ခိုင်းပြီး မသင်မနေရ စာသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။ နာမည်ကျော်လှသော ထောင်တွင်းရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုများ လုံးဝမရှိတော့။ အကျဉ်းသားကို လက်သီးဖြင့်ထိုးခဲ့သော ရဲဘော်ကိုပင် ထောင်ပိုင်ဦးကျော်ဌေးက ဥပဒေအရ တာဝန်ရပ်စဲခဲ့သည်။

ထောင်၏အဆောင်တိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် ရုပ်မြင်သံကြား ဂြိုဟ်တုစလောင်းများ တပ်ဆင်ထားသည်။ အကျဉ်းသားတိုင်း အားလပ်ချိန်တွင် လွတ်လပ်စွာကြည့်နိုင်သည်။ ထောင်တွင်း ဘယ်အကျဉ်းသားကိုမျှ သံခြေချင်းမခတ်တော့။ နောက်တစ်မှုရှိ၍ ရုံးထုတ်မှသာ ခြေချင်းခတ်သည်။

အင်းစိန်ထောင်ကမ္ဘာကျော်ရခြင်း၏ အဓိကအကြောင်းမှာ စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခြင်းကြောင့်ပင်။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝင်းနိုင်ဦးသည် ထောင်မှလွတ်မြောက်ပြီး ၁၉၉၀ ၀န်းကျင်တွင် ဘန်ကောက်အခြေစိုက် သတင်းစာတစ်စောင်၌ ‘‘အင်းစိန်ထောင်မှ ငရဲခန်းများ’’ အမည်ဖြင့် ဖော်ထုတ်ခဲ့ရာ အင်းစိန်ထောင်ညှဉ်းပန်းမှုများမှာ ကမ္ဘာ့စာမျက်နှာတွင် မဖုံးနိုင်မဖိနိုင် ပေါ်ပေါက်ခဲ့သည်။

‘‘အရင်အစိုးရလက်ထက်တုန်းက ထောင်ကလိုတာထက် ပိုနာမည်ပျက်ရတာ ထောက်လှမ်းရေးတချို့က ထောင်ဝန်ထမ်းဝတ်စုံဝတ်ပြီး ၀င်ရိုက်နှက်ကြတာပါ။ ထောင်အာဏာပိုင်ဆိုတာကလည်း ထောက်လှမ်းရေးလုပ်တာကို ဘာမှမတတ်နိုင်ဘူး။ ဒီတိုင်းကြည့်နေခဲ့ရတာ။ စာဥသီချင်းဖွင့်ပြီး ရိုက်ခဲ့တာဆို စာဥစစ်ဆင်ရေးဆိုပြီး နာမည်အရမ်းကြီးခဲ့တယ်’’ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်ကပြောကြားသည်။

၈၈ အရေးတော်ပုံမှစ၍ ထောင်ကျခဲ့သည့် နိုင်ငံရေးအကျဉ်းသားတော်တော်များများ ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများကြောင့် ရောဂါနာမည်မတပ်နိုင်ဘဲ သေဆုံးခဲ့ရခြင်း၊ ထောင်မှလွတ်ခဲ့သော်လည်း နှိပ်စက်ဒဏ်ရာများကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းခဲ့ရခြင်း၊ အဆုတ်အသည်းကဲ့သို့ ကုသရန် ခက်ခဲသော နာတာရှည်ရောဂါများ လက်ဆောင်အဖြစ်ရရှိခြင်း၊ မမာမကျန်းဖြစ်သော်လည်း ဆေးဝါးကုသခွင့်မပေးခြင်း စသည့် ထောင်အာဏာပိုင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာကပင် အံ့သြထိတ်လန့်ခဲ့ရသည်။

‘‘ထောင်တွင်းပြောင်းလဲမှုတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အမှန်တကယ် ဆေးဝါးကုသစောင့်ရှောက်မှုလိုအပ်နေတဲ့ အကျဉ်းသားတွေကို ဆေးကုသခွင့်ရဖို့ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ယူရတာ တော်တော်ခက်ခဲပါတယ်။ ကျွန်တော်တို့က လက်တွေ့ခံစားခဲ့ရတော့ အရမ်းသိတယ်။ ဒါကြောင့် လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ အမှန်တကယ်ပေးဖို့ အကျဉ်းထောင်အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လို အဖွဲ့တွေကို အကျဉ်းထောင်အတွင်း ၀င်ရောက်လေ့လာခွင့်ပေးသင့်ပါတယ်။ အခုထိ ဒါကို ပြည်ထဲရေးက ခွင့်မပြုသေးပါဘူး’’ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးမြင့်အောင်ကပြောသည်။

ထို့အပြင် ထောင်တွင်းရေသန့်စက်များ တပ်လိုက်ပြီး သောက်ရေနှင့် ထမင်းဟင်းချက်ပြုတ်ခြင်းကအစ ရေသန့်သာသုံးသည်။ အင်းစိန်ထောင်ခေါင်မိုးများတွင် နွေနေပူကို အံတုနိုင်ရန် ရေပိုက်များသွယ်တန်းထားပြီး ရေဖျန်းအအေးဓာတ်ပေးထားသည်။ တစ်ထောင်လုံး စီးမိုးမြင်နိုင်သည့် CCTV ကင်မရာများ တပ်ထားသည်။ ကဲဒီလောက်နှင့်တော့ အင်းစိန်ထောင်ကြီး လုံးဝပြောင်းလဲသွားပြီလား။

နှစ်ရှည်လများ စနစ်ဆိုးတစ်ခုကို ပြောင်းလဲရန် မဆိုထားနှင့် အရှိန်ရပ်တန့်ရန်ပင် မလွယ်လှပေ။ ထို့ကြောင့် အင်းစိန်ထောင်ကြီး လုံးဝပြောင်းလဲရန် မလွယ်ကူသေး။ လက်ရှိ ဆယ်တန်းဖြေခွင့်ရအောင် လုပ်ပေးသော ထောင်၏ အကြီးဆုံးထောင်ပိုင်ကြီး ဦးကျော်ဌေးက ငွေပေး၍ လုပ်ရင်ရသည့် ကိစ္စတစ်ခုမှမရှိဟု အာမခံထားသော်လည်း ဒီလောက်ကြီးသည့် ထောင်အတွင်း လုံးဝကင်းရှင်းသည်တော့ မဆိုနိုင်ပါဟု ပြောသည်။

ဥပမာ ရောဂါတစ်ခုခုကို အကြောင်းပြ၍ ထောင်ဆေးရုံတွင် နှစ်ရှည်လများ တက်ရောက်ကုသခြင်း၊ ဆေးစာအတုလုပ်၍ သက်သေခံခြင်းကြောင့် အထက်က လာရောက်စစ်ဆေးမှု ငါးကြိမ်ပြုလုပ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ခုလည်းရှိနေတယ်။ ဆေးရုံမှာ ၁ နှစ်၊ ၂ နှစ်ကုနေတာ။ ထောင် ဒီလောက်ကြီးတာ အားလုံးကောင်းတယ်လို့ မပြောပါဘူး။ ငွေပေးပြီးလုပ်လို့ရတဲ့ ပြဿနာမရှိဘူး။ ကျွန်တော့်လက်ထက်မှာ။ ၀န်ထမ်းတွေကို ပြောထားတယ်။ စေတနာရှိလို့ ပန်းသီးတစ်လုံးကျွေးရင် စားလိုက်။ ပုဆိုးတစ်ထည်ပေးရင် ၀တ်လိုက်။ ကျွဲကူးရေပါပေါ့။ ဒါလုပ်ပေးမယ်ဆိုပြီးတောင်းရင် ညစ်တာ။ ကျွန်တော်ကတော့ အသံကြားတာနဲ့ ပြောင်းရရွှေ့ရလုပ်တယ်’’ဟု ၎င်းကပြောသည်။ ယခင်က အင်းစိန်ထောင်တွင်း ကုန်ပစ္စည်းဖလှယ်ရေးအတွက် တန်ဖိုးကြီးပစ္စည်းမှာ ဆေးလိပ်ဖြစ်သည်။ ယခု ဦးကျော်ဌေး လက်ထက်တွင် ကော်ဖီမစ်ထုပ်များက ထောင်ထဲတွင် ပိုက်ဆံထက် ပိုပြီးတန်ဖိုးရှိသည်။ ကော်ဖီမစ်ထုပ်သာ များများဆောင်ထား။ အချိုအချဉ် ကွမ်းယာဆေးလိပ် အားလုံးသုံးစွဲနိုင်သည်။ မိလ္လာအိုးမထမ်းချင်ဘူးလား။ ကော်ဖီမစ် ၁၅ ထုပ်ပေးလျှင် အလုပ်ဖြစ်သည်။

‘‘ရိုက်တာ၊ နှက်တာတော့ လုံးဝမရှိဘူး။ ပါးစပ်ကတော့ အပြောအဆိုနည်းနည်းကြမ်းတာပေါ့။ အလုပ်လည်း အရမ်းကြီး သေလုအောင်မခိုင်းဘူး။ မြေကြီးသယ်၊ အပင်ရေလောင်း၊ ဒါလောက်ပဲ။ ဆေးလိပ်တော့ မသောက်နဲ့။ အမှုအရမ်းကြီးတယ်။ အခုထောင်ထဲမှာ ဆေးလိပ်မိရင် တိုက်ပိတ်ခံရမယ်။ ကော်ဖီမစ်ထုပ်သာ ဆောင်ထား။ ထမင်းကတော့ သိပ်မကောင်းဘူး။ ဆန်ကွဲတွေပေါ့။ အသားဟင်း နှစ်ရက်ကျွေးတယ်။ အသားမစားတဲ့သူကို ဘဲဥသုံးလုံးကျွေးတယ်။ တန်းစီးတော့ ရှိတယ်။ ဗာရာလည်းရှိတယ်’’ဟု မူးယစ်ရမ်းကားမှုဖြင့် ထောင်ကျပြီး ဇွန်လ ၁၃ ရက် နံနက်က ပြန်လည်လွတ်မြောက်လာသည့် ကိုအေးမင်း(အမည်လွှဲ)ကပြောသည်။

ထောင်ဝင်စာလာတွေ့သူများ၏ အထုပ်ထဲမှ ရှာဖွေရေး အကြောင်းပြလုယက်ယူငင်မှုများကတော့ မရှိသလောက်ဖြစ်သော်လည်း မိမိ၏ အကျဉ်းသားနာမည်တပ်၍ အထုပ်ကို ကာယကံရှင်လက်ထဲ အရောက်ပို့နိုင်လျှင် စိတ်အချရဆုံးဟု ဇွန်လ ၁၃ ရက်က ကိုအေးမင်းနှင့် အမှုတွဲဖြစ်ပြီး အတူလွတ်မြောက်လာသူ ကိုသက်ထွေး(အမည်လွှဲ)ကပြောသည်။

‘‘အရင်လိုတော့ အထုပ်တွေဖြေပြီး လုယူတာ ဘာညာမရှိဘူး။ ဒါပေမဲ့ ဂိတ်ဝန်ထမ်းကို ပေးရင်တော့ဗျာ ကော်ဖီမစ်အထုပ်ကြီးသုံးထုပ်ဆိုရင် ကိုယ့်လူက တစ်ထုပ်တစ်ဝက်လောက်ပဲရမယ်။ ဒါတော့ သေချာတယ်။ ပိုက်ဆံဆိုလည်း တစ်သောင်းပေးရင် တစ်ဆယ်တိုးဖြတ်ယူတယ်။ ပိုက်ဆံကျတော့ အကျဉ်းသားကိုင်ခွင့်မရတော့ ၀န်ထမ်းကတစ်ဆင့်ပဲ သွင်းရတာလေ။ ပိုက်ဆံသွင်းရင်တော့ ပေးရတယ်။ ထောင်ဝင်စာမလာတဲ့ အကျဉ်းသားကျတော့ မျက်နှာအရမ်းငယ်ရတာပေါ့ဗျာ’’ဟု ၎င်းကပြောသည်။

ထောင်ပိုင်ကြီးက ငွေပေး၍မရဆိုသော်လည်း ထောင်၏ အဆောင်တွင်း မဟုတ်ဘဲ ပြင်ပအလုပ်(ဘုတ်)များဖြစ်သည့် ထောင်တွင်း စိုက်ခင်း၊ ပျိုးခင်း၊ လက်ဖက်ရည်ဆိုင်၊ ရေသန့်စက်ရုံ စသည့်အပြင် ဘုတ်များတွင် လွတ်လပ်စွာ နေထိုင်ခွင့်၊ သက်သောင့်သက်သာ အလုပ်လုပ်ခွင့်ရရန် သူ့ဈေးနှင့်သူရှိသည်။ ယုတ်စွအဆုံး ထောင်တွင်း အဘိဓမ္မာသင်တန်း ဆယ်ရက်စခန်းဝင်ချင်လျှင်ပင် သူ့လိုင်းနှင့်သူရှိသည်။

‘‘အပြင်ဘုတ်လုပ်ချင်ရင် ထောင်တာဝန်ရှိသူကို အပ်ရတယ်။ အပ်ထည်ပေါ့။ တစ်သိန်းခွဲ ပေးရတယ်။ သက်ဆိုင်ရာအလုပ်ဘုတ်ကိုရောက်ရင် တာဝန်ခံကို ခုနစ်သောင်းထပ်ပေးရတယ်။ နှစ်သိန်းလောက်ရှိရင်ဖြစ်တယ်။ အပြင်ဘုတ်ကျတော့ ထောင်ဝင်စာလည်း အိမ်နဲ့ အေးအေးဆေးဆေး တွေ့လို့ရတာပေါ့’’ဟု ထောင်တွင်းအပြင်ဘုတ်ကျ အကျဉ်းသားတစ်ဦးကပြောသည်။ ထောင်တာဝန်ရှိသူ ဘယ်သူဆိုတာကိုတော့ ၎င်းက ထုတ်ဖော်မပြောကြားလိုပေ။

ဧကပေါင်း ၁၅၂ ဧက ကျယ်ဝန်းပြီး အကျဉ်းသား ၇၀၀၀ ရှိသော အင်းစိန်ထောင်တွင် ၀န်ထမ်းအင်အားမှာ ၅၆၈ ဦးသာရှိသည်။ ထောင်ဝန်ထမ်းနှင့် ထောင်သား အင်အားမမျှတမှုကြောင့် နေ့စဉ်ရှာဖွေရေးကတော့ မဖြစ်မနေ လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း ဦးကျော်ဌေးကပြောသည်။ ရှာဖွေရေးအကြောင်းပြပြီး အကျဉ်းသားပစ္စည်းသိမ်းဆည်းယူငင်မှုများကို အကျဉ်းသားများက မကျေနပ်ကြပေ။ ‘‘ရှာဖွေရေးက ထောင်ရဲ့အသက်ပဲ။ ရှာဖွေရေးလုပ်မှ သူတို့ထွက်မပြေးမှာ။ ၀န်ထမ်းတွေကို အန္တရာယ်မပြုမှာပေါ့။ တချို့က အရှာမခံချင်ဘူး။ အတ္တကို ရှေ့တန်းတင်တယ်။ တချို့ဝန်ထမ်းတွေကျတော့လည်း ကြက်သားကြော်တွေ့ရင်တောင် ယူချင်တာ။ တဟဲ့ဟဲ့လုပ်ရတယ်။ မယူဘူး မပြောပါဘူး။ ဒါမျိုးရှိကြတယ်။ ခေါင်းဆောင်ညံ့ရင် ဖြစ်မှာပဲ။ ကျွန်တော်က ဒါမျိုးအဖြစ်မခံဘူး’’ဟု ဦးကျော်ဌေးကပြောသည်။

ထောင်တွင်း ခုနစ်သိန်းပေးလျှင် ဟန်းဖုန်းတစ်လုံးရသည်ဆိုတာကိုတော့ ဦးကျော်ဌေးက ခါးခါးသီးသီးငြင်းဆန်သည်။ သန်းခေါင်စာရင်းမှာပါမှ ထောင်ဝင်စာ ပေးတွေ့သည့် စနစ်ကလည်း လိုအပ်နေဆဲဟုဆိုသည်။

ထောင်ထဲတွင် စာမေးပွဲအောင်သည့် ကျောင်းသားများရှိလာခြင်းကို ထောင်နှင့် ထောင်အာဏာပိုင်များ အားလုံးဂုဏ်ယူသော်လည်း ဒါတစ်ခုတည်းနှင့်တော့ ထောင်စနစ်ကို သာဓုမခေါ် နိုင်သေးကြောင်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်တွင် နှစ်ရှည်ကျခံခဲ့ဖူးသူ ရှေ့နေဦးရောဘတ်စန်းအောင်ကပြောသည်။ ‘‘ထောင်မှာ စာမေးပွဲဖြေခွင့်ပေးတာ နိုင်ငံတကာအဆင့်မီတယ်။ တခြားနိုင်ငံတွေမှာ အသက်မွေးဝမ်းကျောင်း အတတ်ပညာပေါင်းစုံ သင်ပေးတယ်။ အခု အင်းစိန်မှာက စားပင်သီးပင် စိုက်တာလောက်၊ ထမင်းဟင်းချက် ဒီလောက်ပဲရှိတယ်။ ပြီးတော့ ထောင်အဆောက်အအုံတွေက နှစ်တစ်ရာကျော်နေလို့ အကျဉ်းသားတွေအတွက် အန္တရာယ်ရှိတယ်’’၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် အင်းစိန်ထောင်မှာ အကြီးဆုံးဖြစ်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီအဖွဲ့ (ICRC)၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကိုယ်စားလှယ်၊ JICA စသည့် နိုင်ငံတကာအဖွဲ့အစည်းများလာတိုင်း စံပြနမူနာအဖြစ် စစ်ဆေးခွင့်ပေးသည့် ထောင်လည်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အင်းစိန်ထောင်ကြီးသို့ နိုင်ငံတကာအဖွဲ့များအားလုံး လာရောက်လေ့လာခွင့်ပေးထားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်ကို အစိုးရသစ်လက်ထက်တွင် Correctional Department ဟု အမည်ပြောင်းလဲပြီး ဆိုးညစ်သော ထောင်သမိုင်းကို ပြောင်းလဲဖို့ ကြိုးစားနေသည်။ ကိုလိုနီခေတ်က ပြဋ္ဌာန်းထားသော အကျဉ်းထောင်လက်စွဲဥပဒေတွင် ပြုပြင်ပြောင်းလဲရမည့် အချက်အချို့ရှိသလို အချက်အလက်တော်တော်များများမှာ ထောင်အာဏာပိုင်တို့၏ မေ့လျော့မှုများခံနေရသည်။ ထောင်ဥပဒေကိုပြောင်းဖို့ လွှတ်တော်က လုပ်ဆောင်နေသကဲ့သို့ ထောင်သမိုင်းကိုပြောင်းဖို့ ထောင်အာဏာပိုင်တို့မှာ တာဝန်ရှိပါသည်။ သို့သော် အောက်ခြေက ပြုပြင်ပြောင်းလဲလိုမှုကို ဗဟိုအစိုးရအဆင့်ဆင့်ကလည်း လက်ခံနားလည်မြှင့်တင်ပေးရန် လိုအပ်သည်။ နေရာတိုင်းကြိုးနီစနစ်ဖြင့် ခွင့်ပြုချက်ရမှလုပ်ရန် ကန့်သတ်ခံထားရခြင်းမှာ ပြုပြင်ပြောင်းလဲလိုသော ထောင်ဝန်ထမ်းများအတွက် အကန့်အသတ်တစ်ခု ဖြစ်နေသည်။

ဆိုးညစ်သော အင်းစိန်ထောင်သမိုင်းကို သမိုင်းသစ်ရေးထိုးနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

7Day Daily