တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသည့် ကေအင်န်ယူ ရဲတပ်ဖွဲ့ ဖျက်သိမ်းရန် တိုင်းအစိုးရ အကြောင်းကြားထား

ပို့စ်တင်ချိန် - 6/18/2014 11:24:00 AM


တနင်္သာရီတိုင်းဒေသကြီးတွင် အခြေစိုက်လှုပ်ရှားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ ၄ (မြိတ်/ထားဝယ်ခရိုင်) နယ်မြေအတွင်းရှိ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ဖျက်သိမ်းပေးရန်  တိုင်းဒေသကြီးအစိုးရက အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါ ဆောင်ရွက်ချက်များကြောင့် နိုင်ငံတော်အစိုးရက တရားဝင်ဖွဲ့စည်းထားသော ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဒေသခံ ပြည်သူများ ပြည်တွင်းပြည်ပ ခရီးသွားများအား အနှောင့်အယှက် ဖြစ်စေသည့်အပြင် နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသည့် ၀န်ကြီးဌာန၊ ဦးစီးဌာနများနည်းတူ ဖွဲ့စည်းဆောင်ရွက်ခွင့် မရှိသဖြင့် ယခုဖွဲ့စည်းဆောင်ရွက်လျက်ရှိသော ကရင်အမျိုးသား ရဲတပ်ဖွဲ့အား ဖျက်သိမ်းပေးရန်နှင့် ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တောဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်းမပြုရေး လိုအပ်သလို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ပေးပါရန် အကြောင်းကြားပါသည်ဟုလည်း ဖော်ပြပါရှိသည်။

‘‘ဒီကိစ္စက တပ်နဲ့ဖြစ်တာမဟုတ်ဘူး။ တိုင်းဒေသကြီး အစိုးရနဲ့ဖြစ်တာ။ ဒီလိုကိစ္စမျိုးတွေက မကြာခဏ ဖြစ်တတ်ပါတယ်။ ဟိုဘက်ဒီဘက် ညှိလိုက်ရင် အဆင်ပြေသွားကြတယ်’’ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

သို့သော် အဆိုပါကိစ္စမှာ ယခုအချိန်ထိ အဆင်မပြေသေးကြောင်း ကရင်အမျိုးသား အစည်းအရုံး အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ၁၉၉၂ မတ်လမှစ၍ KNU ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။

ယခုရက်ပိုင်းအတွင်း KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တစ်ခုနှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNU ဘက်မှ နှစ်ဦး ကျဆုံးခဲ့သည်။

7day daily