မြန်မာလုပ်သားများကို ဖမ်းဆီးမည်မဟုတ်ဟု ထိုင်းစစ်တပ် ကတိပေးထားကြောင်း မြန်မာသံအမတ်ပြော

ပို့စ်တင်ချိန် - 6/18/2014 11:21:00 AM



ဓာတ်ပုံ − MAT
 မြန်မာနိုင်ငံသားများကို   လုံးဝဖမ်းဆီးမည်မဟုတ်ဟု ထိုင်း စစ်တပ်က ကတိပေးပြောဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က 7Day သတင်းစာသို့ ဖုန်းမှတစ်ဆင့် အတည်ပြုပြောကြားသည်။

ထိုင်းနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ ထိုင်း အာဏာပိုင်များနှင့် သွားရောက် တွေ့ဆုံဆွေးနွေးရာ မြန်မာနိုင်ငံသားများကို လုံးဝဖမ်းဆီးမည်မဟုတ်ဟု  ကတိပေးပြောဆိုလိုက်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားသည်။

‘‘သံအမတ်ကြီးကိုယ်တိုင် တာဝန်ရှိသူတွေနဲ့ သွားတွေ့ပြီးပါပြီ။ မြန်မာဆိုရင် လုံးဝမဖမ်းဘူးလို့ ပြောပါတယ်။ နယ်စပ်မှာလည်း ဖမ်းဆီးတာ မရှိပါဘူး။ တရားမ၀င်တဲ့သူတွေ ၀င်လာမှာကြောက်လို့ စစ်ဆေးတာပဲရှိပါတယ်။ အရင်ကဖမ်းထားတဲ့သူတွေလည်း အကုန်ပြန်လွှတ်လိုက်ပါပြီ။ စစ်တပ်ကကို ဖမ်းဆီးထားတဲ့သူတွေရှိရင် ဘယ်မှာရှိလဲ ပြောပါလို့တောင် ပြောထားပါတယ်။ ATM စက်မှာ ငွေခိုးထုတ်လို့ ဖမ်းထားတဲ့ နှစ်ယောက်ရယ်၊ မူးယစ်ဆေးဝါးနဲ့ ဖမ်းထားတဲ့ ခြောက်ယောက်ရယ်၊ အားလုံးပေါင်း မြန်မာရှစ်ယောက်ပဲ  အဖမ်းခံထားရပါတယ်’’ဟု ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုကို ဦးဝင်းမောင်က ပြန်လည်ပြောကြားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသတင်းစာများတွင်လည်း မြန်မာနိုင်ငံသားများအား ဖမ်းဆီးထားခြင်းမရှိဟု ရေးသားထားကြောင်း ဦးဝင်းမောင်က ဆက်ပြောသည်။

ထိုင်းစစ်တပ်က မြန်မာများအား လုံးဝဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာများမှာ စိုးရိမ်ပူပန်နေလျက်ရှိသည်။ ဖမ်းဆီးရာတွင် တရားမ၀င်နေထိုင်သူများသာမက တရားဝင်နေထိုင်သူများကိုပါ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာများကပြောသည်။

‘‘မြန်မာတွေ အဖမ်းမခံရတာမဟုတ်ပါဘူး။ ဟိုနေ့ကလည်း မြန်မာ ၃၀ အဖမ်းခံရတယ်လို့ သိရပါတယ်။ ခုရက်ပိုင်း အတွင်း ဆက်တိုက်ဖမ်းဆီးခံနေရတယ်။  ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာတွေ အဖမ်းခံရသေးတယ်။ ဒီမှာ အလုပ်လုပ်နေတဲ့သူတွေက ကြောက်နေကြပြီ။ သူများနိုင်ငံကသူတွေဆို ပြန်ကုန်ကြပြီ’’ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကပြောသည်။

ထိုင်းစစ်အစိုးရက တရားမ၀င်မြန်မာလုပ်သားများကို ဆက်တိုက်ဖမ်းဆီးနေသည့် သတင်းများ ထွက်ပေါ်နေသဖြင့် မြန်မာ အစိုးရက စတင်စုံစမ်းနေကြောင်း  အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က  7Day သတင်းစာအား ပြောကြားထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သူများ ဖမ်းဆီးခံနေရခြင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ သံရုံးရှေ့၌ မြန်မာနိုင်ငံသားတစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြ ကန့်ကွက်ခဲ့သည်။

ယင်းဆန္ဒပြသူကို မြန်မာသံအမတ်ကြီးက ခေါ် ယူဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

ထိုင်းနိုင်ငံစံတော်ချိန် နံနက် ၁၀နာရီတွင် မဟာချိုင်ရှိ ရွှေ့ ပြောင်းလုပ်သားကလေးများအား ပညာသင်ပေးနေသော ကျောင်းဆရာ ကိုစောမောင်သည် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်သောသူများအား ဖမ်းဆီးခံနေရမှုနှင့်ပတ်သက်ပြီး မြန်မာသံရုံးနှင့် မြန်မာအစိုးရတို့က မသိချင်ယောင်ဆောင်နေသည်ဟုဆိုကာ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြ ကန့်ကွက်ခဲ့သည်။ ထိုသို့ ဆန္ဒပြကန့်ကွက်နေသော ကိုစောမောင်ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ကို ဘာလို့ဆန္ဒပြတာလဲလို့မေးတယ်။ ဒီမှာဖမ်းဆီးထားတဲ့သူတွေ မရှိဘူးလို့ ပြောတယ်။ ထိုင်းမှာ မြန်မာတွေ အဖမ်းခံနေရတယ်။ အခုတရားဝင်နေတဲ့သူတွေတောင် အဖမ်းခံနေရတယ်။ သံရုံးကလည်း မသိချင်ယောင်ဆောင်နေတယ်။ အဲဒါကြောင့် ဆန္ဒပြကန့်ကွက်တာပါ’’ဟု ကို စောမောင်ကပြောသည်။

‘‘သူ့ကိုခေါ်ပြီး ဆူပူခဲ့တာမ ဟုတ်ပါဘူး။ ဘာကြောင့်ဆန္ဒပြတာလဲမေးတာပါ။ ဒီမှာလည်းမြန် မာတွေ ဖမ်းဆီးခံထားရတာမရှိပါ ဘူး။ ရှိရင်သံရုံးကို လာပြောပါလို့ ပြောတာပါ။ခေါ်ဆူတာမဟုတ်ပါ ဘူး’’ဟု ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က 7Day သတင်းစာအားပြောသည်။

ဆန္ဒပြသူသည် ‘‘ပတ်စပို့စ်ရှိ လျက်နဲ့ ပုလိပ်ကဖမ်းနေတာကို မြန်မာသံရုံးက မသိချင်ယောင်မ ဆောင်ပါနဲ့’’၊ ‘‘ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများကိုပစ်မထားပါနဲ့ သမ္မတကြီးခင်ဗျာ’’စသည့် ဆိုင်းဘုတ်နှစ်ချပ်အား ကိုင်ဆောင်ကာ သံတိတ်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြကန့်ကွက်မှုမှာ ၁၀ မိနစ်ခန့်သာ အချိန်ကြာမြင့်ခဲ့ ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံစစ်တပ်ကအာဏာ သိမ်းပြီးနောက် ၎င်းတို့နိုင်ငံတွင် တရားမ၀င်နေထိုင်သူများကို ထိုင်းနိုင်ငံစစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးတို့က ဖမ်းဆီးမှုများ ဆက် တိုက်ပြုလုပ်ခဲ့သည်။ ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသားလေး ရာကျော် ဖမ်းဆီးခံထားရကြောင်း၊ထိုသို့ ဖမ်းဆီးမှုများပြုလုပ်ရာတွင်တရားဝင်စာရွက်စာတန်းများဖြင့် နေထိုင်သူများပါ ထိုင်းနိုင်ငံစစ်တပ်က ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံရောက်မြန်မာများက ပြောသည်။

7day news journal