လုပ်ပိုင်ခွင့်များ မျက်လှည့်ပြစား၊ မသိနားမလည်တဲ့ ပြည်သူတွေခံစား

ပို့စ်တင်ချိန် - 6/18/2014 08:31:00 PM


အယ်ဒီတာရှင့်

ကျွန်မတို့မိသားစုသည် မသိမသာရော သိသိသာသာရော ဘောလုံး အားကစားပွဲကို ရူးသွပ်ကြသော မိသားစု ဖြစ်ကြပါတယ်။ မြန်မာဘောလုံးအသင်း ကို ကွင်းထဲအထိ အားပေးပြီး ငိုပြီး ပြန်ခဲ့ ကြဖူးတယ်။ ဘောလုံး ရူးသွပ်တာဟာ ကမ္ဘာ့ဖလားပွဲစမှ ပိုဆိုးနေပါတယ်။ အရင်က မကြည့်တော့ဘူး စဉ်းစားထား ပေမယ့် ပွဲစတော့လည်း ကြည့်ချင် ကြပြန်ရော။ ဒါနဲ့ ယိုးဒယားဗန်းဆို ဈေးသက်သာ တယ်။ ချက်ချင်းလည်းမိတယ်။ လစဉ်ကြေးလည်း မပေးရဘူးဆိုလို့ တပ်လိုက်တော့ အင်္ဂလန်ပွဲလေးတော့ ကောင်းကောင်း ကြည့်လိုက်ရတာပေါ့။

နောက်နေ့က ပွဲမကောင်းတော့ မကြည့်ဖြစ်။ အဲဒီနေ့က သတင်းကြားရတယ်။ စကိုင်းနက်က မရောင်းရလို့ ယိုးဒယားဗန်းကို ပိတ်မယ်ပေါ့။ ကျွန်မတို့က အရောင်းပိတ်မယ် ထင်တာ။ လုံးဝ ပြသတာကိုပါ ပိတ်လိုက်တော့၊ အားခဲထားတဲ့ ဂျာမနီပွဲကို မကြည့်ရတော့ပါ။ ဘယ်တတ်နိုင်မလဲ ဆိုပြီး မနက်ကျရင် စကိုင်းနက်ပဲ တပ်တော့မယ် စဉ်းစားထားပြီး၊ ကျွန်မတို့ လမ်းထိပ်မှာပဲရှိတဲ့ စကိုင်းနက် ဆိုင်ကို သွားမေးပါတယ်။ ချက်ချင်း တပ်လိုက်မယ်ပေါ့နော်။ ကျွန်မထင်တာက အခုလို အသစ် လာဝယ်တဲ့သူကို ချိုချိုသာသာ ဖော်ဖော်ရွေရွေ ကြိုဆိုကြမယ် ပေါ့နော်။ ခဏအကြာမှာ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲပါတော့တယ်။

အခုတပ်မယ်ဆိုရင် တစ်ပတ် စောင့်ရမယ်ဆိုပဲ။

ဒါနဲ့ပဲကျွန်မက တစ်ပတ်ဆိုရင် ဘောလုံးပွဲပြီးသွားမှာမို့ ဘယ်ဖြစ်မလဲ ပြောတဲ့အခါ စာရေးမက တပ်ချင်တပ် မတပ်ချင်နေ အမူအရာနဲ့ပါ။ ပြီးတော့ ကျွန်မရှေ့မှာ လူက ၁၅၀ လောက် ရှိသေးတာဆိုပဲ။ ဒါဆိုလည်း လွှင့်နေတာကို မပိတ်သင့်ဘူး။ ငွေရှာရတာ လွယ်တာမှတ်လို့။

အခုတော့ ကျွန်မတို့မှာ ခြောက်သောင်းလောက် ရှုံးသွားတဲ့အပြင် အခုချက်ချင်းလည်း မကြည့်ရ။ ကိုယ်စပွန်ဆာ ယူထားပြီး ဘယ်လိုလုပ်လုပ် ရပါတယ်ဆိုတဲ့ ကြည့်သူကို တန်ဖိုးမထားတဲ့ စိတ်ဓာတ်ကို အထင်းသား တွေ့ရတာပဲ။

တကယ်ကို ပစ္စည်း မပေးနိုင်ရင်လည်း ဘောလုံးပွဲ မကြည့်ရတော့တဲ့ ဝယ်သူတစ်ယောက်ကို အားနာတဲ့ အမူအရာတောင် မပြနိုင်တော့တဲ့ ပုံစံက စီးပွားရေးလုပ်နေတာနဲ့ မတူပါ။ ဘောလုံးပွဲ သုံးနှစ်စာ စပွန်ဆာ ယူထားတယ် ဆိုတဲ့ စကိုင်းနက်က လုပ်ပုံလုပ်နည်း မှန်ကန်သလား ဆိုတာ ကိုယ်တိုင်ပဲ ဖြေကြည့်ကြပါတော့။ ကျွန်မကတော့ အိမ်ကို ဒေါသထွက်ပြီး ပြန်လာပါပြီ။ မြန်မာ့ အသံကလာမယ့် မသဒ္ဓါရေစာ အစွန်းထွက်ကလေးကို ၃၀ ရက်နေ့မှပဲ ကြည့်ရုံပေါ့။ တစ်ပတ်နဲ့တော့ တစ်သိန်း မသုံးတော့ဘူး။ ပစ္စည်းမပေးနိုင်ဘဲ ဒီလို လုပ်ဆောင်နေတာကို အံ့အားသင့်နေရုံမှ တစ်ပါး လုပ်စရာမရှိပါ။ ဇီးကွက်စီးပွားရေး ဆိုတာ ဒါလား တွေးကြည့်နေမိပါတယ်။

ကျွန်မတို့ သိချင်တာက ယိုးဒယားဗန်းက ကြည့်လို့မရဘူး၊ တရားမဝင်ဘူး ဆိုရင်လည်း ဘာဖြစ်လို့ ဟိုးလေးတကျော် ကြော်ငြာပြီး လိုက်တပ်ဆင်ခွင့်တွေ ပေးထားသလဲ။ ပြည်သူတွေကို ဘက်ပေါင်းစုံက ဟိုက ဖွင့်သယောင်လုပ်လိုက်၊ ဒီကပိတ်တာတွေ လုပ်လိုက်ဆိုတော့ ဥပဒေတွေ ဘယ်နှမျိုးနဲ့ ဒီတိုင်းပြည်မှာ ထုတ်ပြီး ခွင့်ပြုနေသလဲဆိုတာ သိချင်လှပါတယ်။ ဘာပြောပြော လက်ရှိမှာတော့ ပြည်သူတွေ အလိမ်အညာ ခံနေရတာ ကတော့ လက်တွေ့ဆိုတာ အများ ပြည်သူသိစေရန် ရင်ဖွင့်လိုက်ပါတယ်။

နှင်းနှင်း
စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

The Voice Weekly