မုံရွာတက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဆိုင်ကယ်အား စစ်သားတစ်ဦးမှ ခိုးယူ

ပို့စ်တင်ချိန် - 6/18/2014 07:25:00 PM



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြ၀တီရပ်ကွက်၊ ကျောက္ကာလမ်းရှိ မုံရွာ တက္ကသိုလ်
ဝင်းအတွင်း L 16 စာသင်ဆောင်ရှေ့တွင်ဇွန်လ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲအချိန်က တက္ကသိုလ်ကျောင်းသားတစ်ဦးမှ ဆိုင် ကယ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးသူကျောင်းသားမှာ မုံရွာတက္ကသိုလ် (အဝေးသင်) သင်္ချာ(ပထမ)နှစ်ကျောင်းသား မောင်ဝေယံထွန်းဆိုသူဖြစ်ကြောင်းသိရသည်။ ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ ဂျာလင်း 125 CZI အမျိုးအစား ယာဉ်အမှတ် ၃၉ယ/ ၆၅ …ဖြစ်သည်။ ဆိုင်ကယ်ပျောက်ဆုံးသွားပြီးနောက် မောင်ဝေယံထွန်း သည် မုံရွာနယ်မြေရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့သည်။

ထို့နောက် ဆိုင်ကယ်ပိုင်ရှင် မောင်ဝေယံထွန်းနှင့်အဖွဲ့လိုက်ပါ၍ မုံရွာနယ်မြေရဲစခန်းမှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ကျော်သူရနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် မုံရွာမြို့တွင်၌ ၀ိုင်းဝန်းပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့သည်။ ထို သို့ရှာဖွေစစ်ဆေးနေစဉ် မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအနောက်ဘက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ စက်ဘီး၊ ဆိုင် ကယ် အပ်နှံရေးဌာနတွင် ပျောက်ဆုံးဆိုင်ကယ်အား အပ်နှံထားသည်ကို တွေ့မြင်ခဲ့ရသဖြင့် အပ်နှံသူအား စောင့် ကြပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ ဆိုင်ကယ်ခိုးယူသွားတဲ့သူက အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဌာနမှာ တပ်ကြပ်ကြီးစာရေး တာဝန်ထမ်းဆောင်သူဖြစ်တယ်လို့ သိရပါတယ်..။ ဟုတ်ကဲ့ ..သူရဲ့ ကိုယ်ပိုင်အမှတ်ကတော့ တ/ ၃၈၄၇၂၀ နိုင်လင်းအောင်လို့သိရပါတယ်..” ဟု ဆိုင်ကယ်ခိုးယူခြင်းခံရသူ၏ မိသားစုဝင်တစ်ဦးမှ တုန်ပြန်ပြောကြားခဲ့ သည်။

အဆိုပါ ဆိုင်ကယ်ခိုးယူခဲ့သူအား မုံရွာနယ်မြေရဲစခန်းက(ပ)၂၃၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့်အ ရေးယူထားပြီး စစ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ဆက်လက်၍ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းရဲစခန်းရှိ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ကိုတိုးကြီး ချင်းတွင်း