အနောက်တံခါးအရွေ့

ပို့စ်တင်ချိန် - 6/18/2014 10:38:00 AM

မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ မြန်မာ- ဘင်္ဂလားနယ်စပ် ခြံစည်းရိုးတွင် မြန်မာဘက်ခြမ်း၌ သံဆူးကြိုးများ တပ်ဆင်နေသော လုပ်သားများ (ဓာတ်ပုံ − ညွှန့်ဝင်း/အီးပီအေ)



မေလအတွင်းက မောင် တောနယ်စပ် ပစ်ခတ်မှုများမှ စတင်ခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား တင်းမာမှုများမှာ သံတမန်နည်းအရ ဖြေရှင်းနိုင်ခဲ့ပြီး ပြေလည်မှုရသွားပြီ ဖြစ်ကြောင်း မြန်မာအစိုးရက ဇွန်လ ၁ ရက်တွင်တရားဝင်သတင်း ထုတ်ပြန်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

  တင်းမာမှုများဖြစ်ပွားခဲ့ သည့် ကာလအတွင်း မြန်မာ ရဲတပ်သားလေးဦးကျဆုံးခဲ့ရခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ခြင်းတို့အပေါ် နှစ်နိုင်ငံကိုယ်စားလှယ် အစိုးရအရာရှိချင်း နေပြည်တော်တွင် သုံးရက်ကြာဆွေးနွေးအဖြေရှာခဲ့ကြသည်။

ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် သဘောတူညီချက် (၉) ချက်ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်များသည် ကုန်းမြေရော၊ ရေပြင်နယ်နိမိတ်ပါ ထိစပ်နေပြီးကာလရှည်ဖြစ်ပွားနေသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို မည်မျှအထိသက်ရောက်နိုင်မည်လဲ ဆန်းစစ်ရန်လိုအပ်လာပါသည်။

လူဦးရေ ခြောက်သိန်းနီးပါး ရှိနေသည့် ဘူးသီးတောင်- မောင် တောဒေသတွင် ၉၅ ရာခိုင်နှုန်းခန့်မှာ ဘင်္ဂါလီများဖြစ်နေပြီး နှစ်နိုင်ငံသဘောတူညီချက် (၉)ချက်တွင် တစ်စိတ်တစ်ပိုင်းအဖြစ် နယ်စပ် တစ်လျှောက်နေထိုင်သည့် ဒေသ ခံများကို နယ်နိမိတ်စည်းမျဉ်းနှင့် ပတ်သက်၍ အသိပညာပေးရေး အစီအစဉ်လည်း ပါဝင်ပါသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ ဇာစ်မြစ်မှာ ခိုးဝင်ဘင်္ဂါလီများကြောင့်ဖြစ်ပြီး လူဦးရေ အဆမတန်ပေါက်ကွဲမှု  ဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောနယ်စပ်ကိုဖြတ်ကျော် ၍ ခိုးဝင်အခြေချမှုများလည်းရှိနေ ဦးမည်ဖြစ်ကြောင်း ရခိုင်အမျိုး သားပါတီဒုတိယခေါင်းဆောင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က ပြောသည်။

 ထို့အပြင် လူနည်းစုဖြစ်သော ရခိုင်တိုင်းရင်းသားမျိုးနွယ် စုများနှင့် ဘင်္ဂါလီများအကြား သုံး စွဲသည့် ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကွဲပြားခြင်းက လည်း မောင်တောနယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အဟန့်အ တားတစ်ခုဖြစ်နေကြောင်း ၎င်းက  ဆိုသည်။

  ‘‘သူတို့ဘက်ကလည်း အ စွန်းမရောက်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေ ဦးဆောင်ပြီး မြန်မာနဲ့ ရခိုင်ယဉ်ကျေးမှုတွေစီးဆင်း အောင် စည်းရုံးနိုင်ရမယ်။ ဒါတွေအောင်မြင်မှ အဆင်ပြေနိုင်မယ်။ ကိုယ့်ဆီမှာ နေပြီး ဟိုဘက်ကို သစ္စာခံ။ ဟိုဘက်က ခိုးဝင်လာတဲ့သူတွေကို တိတ်တဆိတ်လက်ခံ ထားရင်တော့နယ်စပ်ပြဿနာ ကဖြေ ရှင်းဖို့ မလွယ်နိုင်ဘူး’’ဟု မောင် တောအခြေစိုက် နယ်ခြားစောင့် ရဲအရာရှိတစ်ဦးကပြောသည်။

မောင်တောမြို့နယ်ရှိ လူဦး ရေ ခြောက်သိန်းခန့်အနက် ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများဖြစ် သော သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ကမန်၊ မရမာကြီး မျိုးနွယ်စုများ နှင့် ၉၅ ရာခိုင်နှုန်းခန့်အထိရှိနေ သည့် ဘင်္ဂါလီများနေထိုင်နေကြ သည်။

‘‘သူတို့နိုင်ငံရဲ့ လူဦးရေနဲ့ ရေမြေအနေအထားအရ လုပ် ကိုင်စားသောက်ဖို့ မလွယ်တော့ ဘူး။ ဒါကြောင့် အုပ်ချုပ်ရေးနဲ့ အလှမ်းဝေးပြီး သူတို့လက်လှမ်း မီတဲ့နေရာတွေကနေ ခိုးဝင်လာ ကြတာ။ ဒီကဥပဒေနဲ့ အချုပ်အ ခြာအာဏာလည်း သိပ်ပြီး လက် သင့်မခံကြတော့ နဂိုရှိတဲ့ ဒေသခံ တွေနဲ့ အဆင်မပြေကြဘူး။ အဓိ ကကတော့ သူတို့ဘက်က လူတွေခိုးဝင်လာတာကို ကြပ်မတ်နိုင်ဖို့ လိုတယ်’’ဟု မောင်တောမြို့နယ် အပါအ၀င် ရခိုင်ပြည်နယ်တွင် ဆယ်နှစ်ခန့်တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် ယခုနေပြည်တော် ရဲ ချုပ်ရုံးမှ ရဲအရာရှိကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။

နှစ်နိုင်ငံအဆင့်မြင့်အရာရှိ ချင်းတွေ့ဆုံဆွေးနွေးမှု၏ အ ကောင်းဆုံးရလဒ်အဖြစ် ဘင်္ဂ လားဒေ့ရှ်နိုင်ငံဘက်က ၎င်းတို့ နိုင်ငံတွင် မရှိကြောင်း အစဉ်တ စိုက်ငြင်းဆိုလာခဲ့သည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (Rohingya Solidarity Organi- zation-RSO) နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် အတည်ပြု လက်ခံခဲ့ပြီး နယ်စပ်တစ်လျှောက် တရား မ၀င်လက်နက်ကိုင်တပ်ဖွဲ့ ပြဿ နာများကို နှစ်နိုင်ငံပူးပေါင်း ဖြေရှင်းရန် သဘောတူညီချက်ရရှိခဲ့ သည်။

သို့သော်နယ်စပ်လုံခြုံရေး ရဲ တပ်ဖွဲ့ဝင်များ ရှိနေလင့်ကစား မြန်မာနိုင်ငံထက် ဧရိယာ ၅ ဆ ပို သေးငယ်ပြီး လူဦးရေမှာမူ မြန်မာ နိုင်ငံထက် သုံးဆပိုများသည့် နယ် ချင်းစပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာနိုင်သော အခြေအနေများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ရန်မှာမူ လက်တွေ့တွင် မလွယ်ကူနိုင်ကြောင်း ဒေါက်တာ အေးမောင်က သုံးသပ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ RSO အဖွဲ့မှာ မြန်မာပိုင်နက် ဘူး သီးတောင်-မောင်တောဒေသကို ကျူးကျော်ခြေကုပ်ယူရန် အား ထုတ်နေသည့်အဖွဲ့အစည်းဖြစ် ပြီး ၁၉၉၄ ခုနှစ်တွင် ထိုဒေသ၌ မြန်မာ့တပ်မတော်မှ စစ်ဆင်ရေး တစ်ခုပြုလုပ်ခဲ့ရသည်။ မူဂျာဟစ် သူပုန်အဖွဲ့မှ အမည်ပြောင်းလဲ လိုက်သည့် RSO အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ကို ကွပ်ကဲ သည့် ခြေမြန်တပ်ရင်း (၃၄၆) က ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် နှစ်လနီးပါးကြာသည့် စစ်ဆင်ရေး ပြုလုပ်၍ ချေမှုန်းရေးလုပ်ခဲ့ဖူး သည်။

မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာအနီးတွင် ပြု လုပ်ခဲ့သည့် ယင်းစစ်ဆင်ရေးပြီး သည်နောက် ၂ နှစ်တစ်ကြိမ်ခန့် ပစ်ခတ်မှုဖြစ်ပွားလေ့ရှိသော် လည်း နှစ်ဖက်အသေအပျောက် မရှိသောကြောင့် ပြဿနာမကြီး ထွားခဲ့ပေ။ ယခုတစ်ကြိမ်တွင် စစ် ရေးပြင်ဆင်မှုပြုလုပ်သည်အထိ တင်းမာမှုအရှိန်အမြင့်ဆုံးရောက် ပြီး သံတမန်နည်းလမ်းဖြင့် အမြန် ဆုံးဖြေရှင်းနိုင်ခဲ့ခြင်းကြောင့်သာ နှစ်နိုင်ငံအဆင့်မြင့်အရာရှိချင်း နေပြည်တော်တွင် မျက်နှာချင်း ဆိုင်ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်သည်။

နယ်စပ်လုံခြုံရေးပြင်ဆင်မှု အပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်တစ်လျှောက် ကားလမ်း ဖောက်ပြီးသည်အထိ တိုးတက် နေပြီး မြန်မာဘက်ခြမ်းတွင်မူ လိုအပ်ချက်များမြင်တွေ့နေရ ကြောင်း နယ်စပ်ခြံစည်းရိုးကို လေ့လာမှုများပြုလုပ်ဖူးသည့် ရခိုင်လူမှု ကွန်ရက်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကပြောသည်။

 ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာထရီဗျူးသတင်းစာတွင် ဘင်္ဂါလီလူဦးရေ ၉၅ ရာခိုင်နှုန်း ခန့်အထိ များပြားနေပြီဖြစ်သည့် ဘူးသီးတောင်-မောင်တော ဒေသကို လူထုဆန္ဒခံယူပွဲကျင်းပ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်းရန် ရေးသားထားသည့် သတင်းဆောင်းပုဒ်တစ်ပုဒ် ပြီးခဲ့သည့်မတ်လက ဖော်ပြခဲ့သည်။ ယင်းအချက်ကလည်း အတူပူးတွဲနေထိုင်နေသည့် ဒေသခံများ အကြား အမုန်းတရားပွားများစေ ကြောင်း မောင်တောဒေသခံ ဘင်္ဂါလီတစ်ဦးဖြစ်သူ ဦးစိုးရက ပြောသည်။

‘ကျွန်တော်တို့က အထောက်အထားအပြည့်အစုံနဲ့ နေလာခဲ့တဲ့သူတွေပါ။ ဒီလိုသတင်းတွေကြောင့် ဆန္ဒပြတာတွေ၊ ဒေသခံတွေက မကျေနပ်တာတွေဖြစ်လာတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း နေရထိုင်ရအဆင်မပြေဘူး။ သေချာစိစစ်ပြီးနိုင်ငံသားဖြစ်ထိုက်တဲ့သူတွေကို အတည်ပြုပြီး စနစ်တကျထိန်းချုပ်လိုက်မယ်ဆိုရင် မကြာခဏဖြစ်နေတဲ့ နယ်စပ်နဲ့ ဒေသတွင်း ပြဿနာတွေက အထိုက်အလျောက်တော့ ပြေလည်မယ်ထင်တယ်’’ဟု ဦးစိုးရကပြောသည်။

လက်ရှိကာလတွင် ရခိုင် ပြည်နယ်မြေပုံမြို့တွင် ၁၉၈၂ ဥပဒေဖြင့် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းများကို ဇွန်လ ၁၅ ရက် မှ စတင်ကာ ဆောင်ရွက်နေပြီး ယင်းကဲ့သို့ စစ်ဆေးခြင်းကိုလည်း ကြိုဆိုကြောင်း ၎င်းကပြောသည်။

မောင်တောဒေသတွင် ဆယ်နှစ်ကျော်တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစား ရဲအရာရှိကြီးတစ်ဦးက ခိုးဝင်ဘင်္ဂါလီများကြောင့်ဖြစ်ပွားနေသော နယ်စပ်ပြဿနာမှာ ယခင်အစိုးရ  အဆက်ဆက်က သက်ဆိုင်ရာဌာနများ၏ လွဲမှားသော လုပ်ရပ်များကြောင့်ဖြစ်ပြီး လာဘ်စားမှုနှင့် တရားဥပဒေစိုးမိုးရေးကို တင်းတင်းကျပ်ကျပ်တားဆီးနိုင်သည့် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းကာအမြန်ဆုံးထိန်းချုပ်သင့်ကြောင်း အကြံပြုသည်။

သဘောတူညီချက် ၉ ချက် တွင် နှစ်နိုင်ငံနယ်ခြားစောင့်ရဲတပ် ဖွဲ့ချင်းပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရန် အချက်လည်းပါဝင်ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မှုမှာ အရေးပါပြီး နောက် တစ်ကြိမ် မဖြစ်ပွားရန်အတွက် စနစ်ကျသော မူဝါဒများချမှတ် အကောင်အထည်ဖော်ရန် လို ကြောင်း ရခိုင်စုံစမ်းရေးကော်မ ရှင်အတွင်းရေးမှူး၊ နိုင်ငံရေး သိပ္ပံ ပါမောက္ခ ဒေါက်တာကျော်ရင် လှိုင်က 7 Day Daily  က မေးမြန်းသော အင်တာဗျူးတစ်ခုတွင် အကြံပြု ပြောကြားခဲ့သည်။ ထို့ အပြင် မြန်မာအစိုးရ တာဝန်ရှိ သူများ၏ နယ်မြေအေးချမ်းရေး လုပ်ဆောင်ချက်များကို သက် ဆိုင်ရာဒေသခံများအနေဖြင့် ပူး ပေါင်းဆောင်ရွက်ရန်အရေးကြီး ကြောင်းပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန် ကြားရေးမှူးချုပ်တို့ ထုတ်ပြန်ခဲ့ သည့် သဘောတူညီချက်များတွင် တင်းမာမှုများဖြစ်ပွားပြီးနောက် ပြုလုပ်ခဲ့သည့် အလံတင်အစည်း အဝေး ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန်၊ တင်းမာမှုထပ်မံမဖြစ်စေရေးအတွက် လိုအပ်သော အရေးယူမှုများပြု လုပ်ရန်၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် သတင်း ဖလှယ်ရန်၊ နယ်စပ်ဆက်ဆံရေးရုံး(BLO) ဖွင့်လှစ်ရန်နှင့် နယ် စပ်ဒေသတာဝန်ရှိသူများ အပြန်အလှန်ယုံကြည်မှု တည်ဆောက် နိုင်ရေးအတွက် အလည်အပတ် ခရီးနှင့် ချစ်ကြည်ရေးအားကစားပွဲများပြုလုပ်သွားရန် ပါရှိသည်။

 အဆင့်မြင့် အရာရှိချင်း သံတမန်နည်းအရ ဖြေရှင်းကာ ဆွေးနွေးညှိနှိုင်းပြီး ဖြစ်သော် လည်း နယ်စပ်တစ်လျှောက် သက်ဆိုင်ရာ နယ်စပ်ပိုင်နက်ထဲတွင် တစ်ဖက်နှင့် တစ်ဖက် သံသယ များဖြင့် လုံခြုံရေးတင်းကျပ်ထား ရဆဲဖြစ်သည်။

လူဦးရေ အုံကြွပေါက်ကွဲမှုဖြစ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်းမြေရော၊ ရေပြင်နယ်နိမိတ်ပါ ထိစပ်နေသည့် မောင်တောနယ်စပ်တွင် လူမျိုး ရေး၊ ဘာသာရေး၊ ရပ်တည်ရှင် သန်နိုင်ရန် နေရာတစ်နေရာရရှိ ရေးအတွက် ဒေသခံများအနေ ဖြင့် စိုးရိမ်စရာသတင်းစကားများ မည်သည့်အချိန်တွင် ကြားရဦး မည်လဲဆိုသည်မှာ ခြောက်အိပ် မက်သဖွယ်ဖြစ်နေပါသေးသည်။

အောင်သစ်လွင်
7day daily