ဒီလိုအချိန်တွေမှာ ရှော့ပင်မသွားသင့်ပါ

ပို့စ်တင်ချိန် - 6/18/2014 02:40:00 PM


 
ရှော့ပင်ထွက်တယ်ဆိုတာ ပျော်စရာကောင်းပါတယ်။ လိုချင်တာလေးတွေကို စာရင်းလုပ် ရှော့ပင်းစင်တာမှာ ဟိုလျှောက်၊ ဒီလျှောက်နဲ့ အချိန်ဖြုန်းရတာလည်း အမျိုးသမီးတွေရဲ့ ၀ါသနာပါပဲ။ လိုချင်တဲ့အရာလေးတွေ ရလာရင် ခုနတုန်းက ပင်ပန်းတာတွေ ဘယ်နားရောက်သွားမှန်းတောင် မသိတော့ဘူး မဟုတ်လား။ ရှော့ပင်ထွက်တဲ့အခါ မဖြစ်မနေလိုအပ်လို့ ထွက်တာမျိုးရှိသလို၊ ဒီလိုပဲ သွားရင်းလာရင်း ကြုံလို့ စင်တာကို ၀င်ကြည့်ရင်း ၀ယ်ဖြစ်သွားတာတွေလဲ ရှိပါတယ်။ ဒါပေမယ့် ရှော့ပင်ထွက်တဲ့အခါ အဆင်မပြေနိုင်တဲ့အချိန်အခါမျိုးတွေ ရှိပါတယ်။ အဲ့ဒီအချိန်အခါတွေကို ပြောပြပေးချင်ပါတယ်။

၁။ပျင်းရိနေတဲ့အခါမျိုး။

ဒီနေ့က တနင်္ဂနွေနေ့ကြီး။ သူငယ်ချင်းတွေကလည်း တစ်ယောက်မှ အဆက်အသွယ်မရဘူး။ ဘယ်တွေရောက်နေကြမှန်းမသိဘူး။ ဒီလိုနေ့မျိုးကို တစ်ယောက်တည်း ဖြတ်သန်းရဦးမယ်။ ဘာလုပ်ရင်ကောင်းမလဲ။ အွန်လိုင်းရှော့ပင်လုပ်ရင် ကောင်းမလား။ ဒါမှမဟုတ် ရှော့ပင်းစင်တာမှာ အင်္ကျံဒီဇိုင်းသစ်လေးတွေ၊ ပိုက်ဆံအိတ်နဲ့ ဖိနပ်တွေ သွားကြည့်ပြီး ၀ယ်ပစ်လိုက်ရင်ကောင်းမလား။ ဒီလိုအတွေးမျိုးတွေ ၀င်လာပြီဆိုရင်တော့ အဲ့ဒီအတွေးတွေကို မြန်မြန်ဖယ်ပစ်လိုက်ဖို့ အကြံပေးချင်ပါတယ်။ ရှော့ပင်းစင်တာသွားတာထက် အွန်လိုင်းမှာ ၀ယ်ပစ်လိုက်တာမျိုးက ပိုဆိုးပါတယ်။ တကယ်လိုနေတာလည်း မဟုတ်၊ ခပ်ပျင်းပျင်းရှိလာတာနဲ့ ရှော့ပင်ထွက်တတ်တာ၊ ဟိုဝယ်ဒီဝယ်လုပ်တတ်တာဟာ ၀ယ်ပြီးတော့မှ နောင်တရနေတတ်တာမို့ ပျင်းတဲ့အခါ ရှော့ပင်ထွက်ခြင်းမျိုးကို ရှောင်ပါ။

၂။စိတ်တွေညစ်တဲ့အခါမျိုး။

ရုံးမှာဘော့စ်ကလည်း ဆူတယ်။ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်ကိုဆို ၀ိုင်းပြီးဂျင်းထည့်ဖို့လောက်ပဲ စဉ်းစားနေကြတယ်။ အဆင်မပြေဘူး၊ စိတ်ညစ်တယ်။ ရှော့ပင်ထွက်လိုက်ရင် သက်သာသွားမယ်ထင်တယ်။ ဒီလိုမျိုးလည်း မဖြစ်သင့်ဘူးနော်။ စိတ်ညစ်ညစ်နဲံ့ လျှောက်ဝယ်ပစ်လိုက်တယ်ဆိုတာမျိုးကလည်း ရုပ်ရှင်တွေထဲမှာ နားထောင်ရကြည့်ရကောင်းသလောက် ပိုက်ဆံတွေတကယ်ထွက်သွားမှ မလိုအပ်တာတွေ ၀ယ်မိလေခြင်းဆိုပြီး နောင်တတွေ ရနေပါလိမ့်မယ်။

၃။ခရီးဝေးသွားနေရတဲ့အခါမျိုး။

ခရီးသွားနေတဲ့အချိန်တွေမျိုးမှာ အိမ်အတွက် ဒေသထွက်ပစ္စည်းတွေ ၀ယ်ချင်တာမျိုးလောက်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ရောက်တဲ့နေရာတိုင်းမှာ လိုတာတွေရော၊ မလိုတာတွေရော အားလုံးဝယ်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။ ကိုယ်ဝယ်ခြမ်းနေတာဟာ တကယ်လိုအပ်တာပဲဖြစ်ပါစေ။ ခရီးသွားတဲ့အခါ ငွေကြေးလုံလောက်မှုရှိဖို့ရော၊ သယ်ရပိုးရလွယ်ကူဖို့ပါ ထည့်စဉ်းစားပါ။

၎။လျှော့ဈေးချထားတဲ့ပစ္စည်းတွေ မြင်တဲ့အခါမျိုး။

ဒီပစ္စည်းတစ်ခုဝယ်ရင် နောက်တစ်ခုအပိုရမယ်ဆိုလို့ မလိုအပ်တာလည်း ၀ယ်ပစ်လိုက်တယ်။ တန်တာကိုး။ ဒီလိုအဖြစ်မျိုးကြုံဖူးမှာပေါ့။ ရှော့ပင်းစင်တာတွေမှာ ခြင်းတွေနဲ့ချရောင်းနေတဲ့ပစ္စည်းတွေ၊ လျှော့ဈေးချထားတဲ့ ပစ္စည်းတွေဆိုရင် တန်လို့ဆိုပြီး ၀ယ်ပစ်လေ့ရှိပါတယ်။ ပြီးတော့ရော အဲ့ဒါတွေက အသုံးဝင်ပါရဲ့လား။ သေသေချာချာ စဉ်းစားပြီးမှ ၀ယ်ဖို့ဆုံးဖြတ်ပါ။

၅။တစ်နေ့တော့ဆိုတဲ့စိတ်နဲ့ ၀ယ်မိတာမျိုး။

ကိုယ့်ရှေ့မှာ မြင်နေရတဲ့ အင်္ကျံ၊ ဘောင်းဘီလေးကို လိုချင်ပေမယ့် ကိုယ်ကနည်းနည်းဝနေတော့ တော်မယ်မထင်ဘူး။ ဒါပေမယ့် ငါလည်း ၀ိတ်ချမှာပဲဟာ၊ နောက်ဒီဘောင်းဘီလေးနဲ့တော်သွားမှာ။ ၀ယ်ထားလိုက်တော့ဘာဖြစ်လဲဆိုပြီး ၀ယ်ပစ်တာမျိုးတွေ မလုပ်ပါနဲ့။ တကယ်တော်မှပဲ ၀ယ်ပါ။ မတော်သေးခင် ကြို့ပီး ၀ယ်ခြမ်းထားတာမျိုး မဖြစ်သင့်ပါဘူး။

Ref:refinery29.com
trend myanmar