ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တာ သမာသမတ် ကျရဲ့လား

ပို့စ်တင်ချိန် - 6/18/2014 08:42:00 PM


ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်မှု စတင်နေပြီ ဖြစ်ပါတယ်။ အဲလိုလုပ်တဲ့ နေရာမှာ နိုင်ငံသားဖြစ်ခွင့် မရတဲ့ သူတစ်ချို့ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာ ပါတယ်။ အစိုးရကတော့ မသမာမှု မရှိအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။

နိုင်ငံသားမဟုတ်ဘဲ နိုင်ငံသား စိစစ်ရေးကတ် ရရှိထားတဲ့ ဘင်္ဂါလီရဲ့ မိသားစုဝင် တွေကိုပါ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးဖို့ လုပ်နေတယ်ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အခုလို ပြန်တုန့်ပြန်ပါတယ်။
“မသမာတာ လုံးဝ လုပ်လို့မရဘူး။ အထက်က အဆင့်ဆင့်စိစစ်မှာ” လို့ သူကပြောပါတယ်။

၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေအတိုင်း ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်တဲ့နေရာမှာ မြို့နယ်၊ ပြည်နယ်၊ ဗဟို အဆင်ဆင့် စိစစ်မှာ ဖြစ်တဲ့အတွက် မသမာမှုကို လုပ်လို့ကို မရဘူးလို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြေပုံမြို့ကို စမ်းသပ်ဧရိယာ သတ်မှတ်ပြီးတော့ နိုင်ငံသား စိစစ်တဲ့ လုပ်ငန်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အခြားမြို့တွေမှာလည်း ဆက်လုပ်သွားဖို့ ရှိပါတယ်။

The Voice Weekly