အင်္ဂလန်ဆရာတော် ဦးဥတ္တရနှင့် သံဃာတော်လေးပါး လွတ်မြောက်သည် အထိ ဦးဝီရသူ တောင်းဆိုမည်

ပို့စ်တင်ချိန် - 6/19/2014 05:52:00 AM


(ရန်ကုန်၊ ဇွန် ၁၇)

လူဝတ်လဲစေကာ တရားစွဲ ခံထားရသော ပီနန်ဆရာတော်ကြီး ၏တပည့် အရင်းဖြစ်သူ အင်္ဂလန် ဆရာတော် ဦးဥတ္တရနှင့် သံဃာလေးပါး ပြန် လည် လွတ်မြောက်သည်အထိ တောင်းဆိုမည် ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူက မိန့်ကြားသည်။

ဦးဝီရသူ အပါအဝင် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ၊ ဦးပဏ္ဍာ ဝံသ၊ ရွှေညဝါ ဆရာတော်တို့ တိုင်ပင်ဆွေးနွေး လျက်ရှိပြီး ယခုလက်ရှိ တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် နီးစပ်သည့် ဆရာတော် တစ်ပါး က ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေ ကြောင်း ဦးဆောင် ပါဝင်သူ ဆရာတော် ဦးပါမောက္ခ ကမိန့်ကြားသည်။

ယခုလ ၁၉ ရက်နေ့ အထိ ဖမ်းဆီးခံ သံဃာတော် များအား လွှတ်မပေးပါက ၂ဝ ရက်နေ့တွင် ခွင့်ပြုမိန့် မတောင်းခံဘဲ ဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြား သည်။

”ဦးဇင်းတွေကို ဇွတ်အတင်း လူဝတ် လဲခိုင်းတာ လုံးဝသဘာဝ မကျပါဘူး။ လွှတ်မပေးမချင်း တစ်နည်းနည်းနဲ့ တောင်းဆိုနေမှာပါ”ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခ ကျောင်းတိုက်ကို တိုင်း သံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ ရာနှင့် ချီ၍ ဇွန်လ ၁ဝ ရက် ည ၁၁ နာရီ အချိန်က ဝင်ရောက် စီးနင်းကာ ကျောင်းတိုက်ရှိ သံဃာတော်များ အား ဖယ်ရှား၍ ကျောင်းတိုက် ကို ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ပီနန် ဆရာတော်ကြီး၏ တပည့်ရင်းဖြစ်သူ အင်္ဂလန် ဆရာတော် ဦးဥတ္တရနှင့် သံဃာတော် လေးပါးအား ဇွန် ၁၃ ရက်နေ့တွင် လူဝတ်လဲစေခဲ့ပြီး သာသနာ တော်ညှိုးနွမ်းစေမှုဖြင့် အမှုစစ်ဆေးနေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားခဲ့ခြင်းဖြစ်သည်။

ဖိုးလပြည့်

popular journal