ချီလီကို ရှုံးနိမ့်ပြီး ချန်ပီယံ ကာကွယ်ခွင့်ကို လက်လွှတ်လိုက်ရသည့် စပိန်

ပို့စ်တင်ချိန် - 6/19/2014 06:22:00 AM


လက်ရှိ ကမ္ဘာ့ချန်ပီယံ စပိန်အသင်းသည် အုပ်စုမှ လွတ်မြောက်ရေး အတွက် အရေးကြီးသည့် ချီလီအသင်းနှင့် ဒုတိယမြောက် အုပ်စုပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ယင်းတို့၏ ချန်ပီယံသရဖူကို ကာကွယ်ရေး လက်လျော့ လိုက်ရပြီ ဖြစ်ပြီး အုပ်စုအဆင့်မှာပင် အိမ်ပြန်ရတော့မည်မှာ သေချာသွား ခဲ့ပြီ ဖြစ်သည်။ ချီလီမှာမူ ယခုပွဲ အနိုင်ရခဲ့ သောကြောင့် နှစ်ပွဲဆက် အနိုင်ဖြင့် အုပ်စုမှ လွတ်မြောက်ရန် သေချာ သွားခဲ့ပြီ ဖြစ်သည်။ အုပ်စု (ခ)တွင် ဟော်လန် အသင်းနှင့် ချီလီတို့မှာ အုပ်စုမှ လွတ်မြောက် သွားပြီ ဖြစ်ရာ ထိုနှစ်သင်း တွေ့ဆုံမည့် အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အုပ်စု ပထမနေရာ အတွက်သာ အရေးပါ တော့မည် ဖြစ်သည်။

နောက်တစ်ဆင့် တက်ရောက်ရေး အရေးကြီးသည့် ပွဲစဉ်ဖြစ်သောကြောင့် နှစ်သင်းစလုံး အာရုံစိုက် ကစားခဲ့ပြီး အဓိက ကစားသမားများကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။ စပိန်အသင်းတွင် အဖွင့်ပွဲ၌ အမှားအယွင်း များခဲ့သည့် ပီကေးကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်မှ မာတီနက်ဇ်နှင့် အစားထိုးခဲ့သည်။ ထို့အပြင် အဓိက ကွင်းလယ်ဗိုလ်ချုပ် ဖြစ်သည့် ဇာဗီကိုလည်း ပွဲထွက်ခွင့် မပေးခဲ့ဘဲ ဇာဗီ ကစားသည့် နေရာကို အင်နီယက်စတာက ၀င်ကစားကာ အင်နီယက်စတာ နေရာတွင် ပီဒရိုကို ထည့်သွင်းခဲ့သည်။ တိုက်စစ်ပိုင်းတွင်မူ ဒီယေဂို ကော်စတာပင် ပါဝင်လာခဲ့သည်။ ချီလီတွင်လည်း ဘာစီလိုနာ တိုက်စစ် ကစားသမား ဆန်းချက်ဇ်က တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ဗားဂတ်စ်၊ ဗီဒယ်၊ မီဒယ်၊ အစ္စလာ စသည့် ကစားသမားများ ပါဝင်လာခဲ့သည်။

စပိန်အသင်း အနေဖြင့် ကစားနေကြ ပုံစံအတိုင်း ကွင်းလယ်ပိုင်း အသာစီး ရယူကာ ချီလီ ဂိုးဧရိယာ ထိပ်တွင် စိတ်ကြိုက် မောင်းကစားရန် ကြိုးပမ်းခဲ့သော်လည်း ချီလီအသင်းက အခွင့်အရေး မပေးခဲ့ဘဲ တားဆီးနိုင်ခဲ့သည်။ ချီလီ နောက်ခံလူများ အနေဖြင့် ဂိုးဧရိယာ ထိပ်မှနေကာ စပိန်ကစားသမားများကို အ၀င်အထွက် မြန်မြန်ဖြင့် နှစ်ဆင့် သုံးဆင့် ဖျက်ထုတ်တားဆီး ခဲ့ခြင်း ဖြစ်ရာ စပိန်မှာ အခွင့်အရေး ဖန်တီးရန်ပင် ခက်နေခဲ့သည်။ ထို့အပြင် အဓိက တိုက်စစ် ကစားသမား အဖြစ် ပွဲထွက်လာခဲ့သည့် ဒီယေဂို ကော်စတာမှာလည်း အသင်းနှင့် တွဲဖက် မမိခဲ့ဘဲ ညာတောင်ပံတွင် အားကိုးတကြီး ပွဲထုတ်ခဲ့သည့် ပီဒရိုမှာလည်း ချီလီနောက်ခံလူ မေနာကို မကျော်နိုင်ခဲ့ပေ။ စပိန်သည် ယခုပွဲတွင် အထူးသဖြင့် ချီလီ၏ တန်ပြန်တိုက်စစ်များကို ကွင်းလယ် ကတည်းက ဖြတ်တောက်နိုင်ခြင်း မရှိဘဲ ဂိုးဧရိယာ အတွင်း ရောက်မှသာ အသည်းအသန် ရှင်းထုတ်ခဲ့ရသည်။ ခံစစ် ကစားရာတွင်လည်း စပိန်ခံစစ်သမား များသည် လူများပြီး ပွဲမစည် ခဲ့ပေ။

ပွဲအစမှာပင် ချီလီတိုက်စစ်ကို တားဆီးရာမှ အလွန်ဆို၏ ဖျက်ထုတ်မှု ဂိုးဝင်မလို ဖြစ်သွားခဲ့ သေးသည်။ ထို့နောက်တွင်မူ စပိန်တို့ တည်ငြိမ်သွားခဲ့ပြီး ချီလီကွင်းလယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့သည်။ ချီလီကမူ ဗီဒယ်၊ ဆန်းချက်ဇ်၊ ဗားဂတ်စ် စသည့် ကစားသမားများ၏ တိုးအားနှင့် စပိန်ခံစစ်ကြောင်းကို တန်ပြန် ဖိအားပေးခဲ့သည်။ အဖွင့်ပွဲတွင် အရှက်တကွဲ ရှုံးနိမ့်ထားခဲ့သောကြောင့် အုပ်စုမှ တက်ရန် အတွက် အနိုင်ရလဒ်ကို မဖြစ်မနေ လိုအပ်နေသည့် စပိန်အနေဖြင့် ချီလီကို တိုက်စစ်ဆင်ခဲ့ပြီး အခွင့်အရေးများလည်း ရခဲ့သည်။ ပွဲချိန် ၁၅ မိနစ်တွင် အလွန်ဆို ချီလီဂိုးသမား ဘရာဗိုနှင့် တစ်ဦးခြင်း အနီးကပ် ကန်သွင်းခွင့် ရခဲ့သော်လည်း အလွန်ဆို၏ ကန်ချက်မှာ ဂိုးသမား၏ လက်ကိုသာ ထိခဲ့သောကြောင့် စပိန်တို့ ဦးဆောင်ဂိုး ရနိုင်သည့် အခွင့်အရေး တစ်ရပ်ကို လက်လွှတ်ခဲ့ရသည်။ ပွဲချိန် ၁၉ မိနစ်တွင်မူ ဖိကစားနေသည့် စပိန်တို့ အမှတ်မထင် ချီလီကို ဦးဆောင်ခွင့် ပေးလိုက်ရသည်။ ထိုဂိုးကို တန်ပြန်တိုက်စစ်မှ တဆင့် အာရန်ဂီဇ်၏ ဖန်တီးမှုကို ချီလီတိုက်စစ်မှူး ဗားဂတ်စ်က စပိန်ဂိုးသမား ကာဆီးလက်စ်အား ခြေယောင်ပြကာ ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ အမှတ်မထင် ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ချေပဂိုး ပြန်လည် သွင်းယူနိုင်ရေး အတွက် ကြိုးပမ်းလာခဲ့သည်။ ပွဲချိန် ၂၅ မိနစ်တွင် ဆေးဗားပေးသည်မှ ဒီယေဂို ကော်စတာ ပြေးဝင်ပိတ်သွင်း သော်လည်း ဂိုးဘေးသို့ ကပ်ထွက် သွားခဲ့သည်။ စပိန်အသင်း အနေဖြင့် ဘောလုံးပိုင်ဆိုင်မှုတွင် အသာစီး ရခဲ့သော်လည်း ချီလီခံစစ်ကြောင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။ ပထမပိုင်း ပြီးဆုံးရန် မိနစ်ပိုင်းမျှ အလိုတွင် စပိန်ဂိုးဧရိယာ အပြင်ဘက်၌ ချီလီတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ အဆိုပါ ပြစ်ဒဏ်ဘောကို အလက်ဆစ်ဆန်းချက်ဇ် ကန်သွင်းရာ ကာဆီးလက် ပုတ်ထုတ်နိုင်ခဲ့ သော်လည်း ပြန်ကျလာသည့် ဘောလုံးကို ကွင်းလယ်လူ အာရန်ဂီဇ်က ကန်သွင်းနိုင်ခဲ့ သောကြောင့် ပထမပိုင်း အပြီးတွင် ချီလီက စပိန်ကို ၂-၀ ဂိုးဖြင့် ဦးဆောင်ထား နိုင်ခဲ့သည်။

စပိန်နည်းပြချုပ် ဒဲလ်ဘော့စကေးသည် ဒုတိယပိုင်းတွင် ပထမပိုင်းမှ အရှုံးကို ပြန်လည် ချေပနိုင်ရန် အတွက် တိုက်စစ်မြှင့်တင် လာခဲ့ပြီး ကွင်းလယ်လူ အလွန်ဆို နေရာတွင် အက်သလက်တီကို လူငယ် ကိုကီကို ထည့်သွင်းခဲ့သည်။ ပွဲချိန် ၅၂ မိနစ်တွင် စပိန်အသင်း အတွက် အကောင်းဆုံး အခွင့်အရေး အဖြစ် ဒီယေဂို ကော်စတာ၏ နောက်ပြန် ကန်ချက်မှ ဘတ်စကွက်ဇ် လွတ်လွတ်ကျွတ်ကျွတ် ပိတ်ခွင့်ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော်ခဲ့သည့် အတွက် စပိန်တို့ ချေပဂိုး တစ်ဂိုး နစ်နာခဲ့ရသည်။ နောက်ပိုင်းတွင် စပိန်က တိုက်စစ်ပိုင်း အပြောင်းအလဲ ပြုလုပ်သည့် အနေဖြင့် ဒီယေဂိုကော်စတာနှင့် ပီဒရို တို့၏ နေရာတွင် တောရက်စ်နှင့် ကာဇိုလာတို့ကို လူစားလဲ ခဲ့သည်။ ပွဲချိန် ၈၀ မိနစ်တွင် ဧရိယာ အစပ်မှ ကာဇိုလာ၏ ကန်ချက် ကောင်းသော်လည်း ဂိုးသမား ကာကွယ်ခဲ့သည်။ ပွဲချိန် ၈၃ မိနစ်တွင် အင်နီယက်စတာ ဧရိယာ အပြင်မှ ကန်သွင်းချက်ကိုလည်း ချီလီဂိုးသမားက လက်စွမ်းပြ ကာကွယ်ခဲ့ပြန်သည်။ ပွဲချိန် ၈၇ မိနစ်တွင် စပိန်တို့ ချီလီဂိုဧရိယာ အပြင်ဘက်မှ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သော်လည်း ကာဇိုလာ၏ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့သည်။ သာမာန် ပွဲချိန် မိနစ် ၉၀ ပြည့်ချိန်တွင် ကွင်းလယ်ဒိုင်က နာကျင်အချိန်ပို ၆ မိနစ် ပေးခဲ့သည်။ စပိန်တို့ တရစပ် တိုက်စစ်ဆင်နေပြီး ပွဲချိန် ၉၁ မိနစ်တွင် ရာမို့စ်၏ အနီးကပ် ပိတ်သွင်းမှုမှာ နောက်ခံလူများကိုသာ ထိခဲ့သောကြောင့် စပိန်တို့ ဂိုးထပ် မရတော့ဘဲ ပွဲအပြီးတွင် ချီလီကို ရှုံးနိမ့်ကာ ယင်းတို့၏ ချန်ပီယံ ကာကွယ်ခွင့်ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

Mizzima Sport News