သရဲတစ်ကောင်ရဲ့ နောက်ဆုံးခရီး

ပို့စ်တင်ချိန် - 6/19/2014 07:04:00 AM


အသည်းရောဂါနဲ့ အသက် ၆ဝအရွယ်မှာ မိသားစုနဲ့ အနုပညာလောကကို နှုတ်ဆက်ထွက်ခွာသွားတဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ကုသိုလ်ရဲ့ ဈာပနကို ဇွန် ၁၇ရက်နေ့ညနေမှာ ကျင်းပခဲ့ပါတယ်။ ပရိသတ်တွေ သူ့ကို သတိထားမိစေခဲ့တဲ့ သရဲလေးကောင်ပြဇာတ်ထဲက သရဲတစ်ကောင်ရဲ့ နောက်ဆုံးခရီးကို သူ့ကိုချစ်တဲ့သူတွေ လိုက်ပို့ခဲ့ပါတယ်။

၁၉၉ဝမှာ အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ ဟာသ သရုပ်ဆောင် ကုသိုလ်ဟာ ရုပ်ရှင်ကားပေါင်း ၂ဝနဲ့ ဗီဒီယိုဇာတ်ကား ၂ဝဝကျော်တို့မှာ ပါဝင်ခဲ့သလို ဒါရိုက်တာအဖြစ် မင်္ဂလာရှိသောနေ့များဇာတ်ကားနဲ့ တာဝန်ယူခဲ့ပါတယ်။

၁၉၈၉ခုနှစ်မှာ ကုသိုလ်အပါအဝင် ဗေလုဝနဲ့ မီးပွားတို့ သုံးယောက်ပေါင်းပြီး NLD အလံကို သယ်ယူခဲ့ကြတာကို အခုထိ အမှတ်ရနေဆဲပဲလို့ ဒါရိုက်တာ စံရွှေမောင် တစ်ဖြစ်လဲ မင်းသားကြီး အောင်လွင်က ပြောပြပါတယ်။ ထူးချွန်သူတစ်ယောက်ကို ဆုံးရှုံးရတာကြောင့် ရုပ်ရှင်လောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါလို့ ဆိုပါတယ်။

ကုသိုလ်ခေါ် ဦးမြင့်သိန်းဟာ အသည်းကင်ဆာဝေဒနာကို လွန်ခဲ့တဲ့ ၂နှစ်လောက်စပြီး ခံစားခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူအပြီး မြန်မာပြည်ကို ပြန်အရောက် အစာအိမ်သွေးကြောပေါက်လို့ အောင်ရတနာဆေးရုံမှာ ကုသမှုခံယူရင်း အသည်းကင်ဆာဝေဒနာနဲ့ ဇွန် ၁၅ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။



Kamayut Media