ဆရာမကို တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပေးခဲ့မယ်ဆိုရင်တောင် ဘယ်သူမှမလိုချင်တဲ့ နေရာ၊ ဒေသတွေ၊ ရာထူးတွေနဲ့ ပြန်လည်အမိန့်ချလိမ့်မယ်

ပို့စ်တင်ချိန် - 6/19/2014 10:42:00 AM


“ဆရာမကို တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပေးခဲ့မယ်ဆိုရင်တောင် ဘယ်သူမှမလိုချင်တဲ့ နေရာ၊ ဒေသတွေ၊ ရာထူးတွေနဲ့ ပြန်လည်အမိန့်ချလိမ့်မယ် ” - ရန်ကုန် တက္ကသိုလ် စီးပွားရေး ပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေး

ပညာရေးဝန်ကြီးဌာနအား ရန်ကုန်တက္ကသိုလ် စီးပွားရေး ပညာဌာနမှ၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးမှ ပြန်လည်တရားစွဲဆို ထားသည့် အမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးကို အမှုအနိုင်ပေးလိုက်ကာ မယူမနေရ ပင်စင်ပုဒ်မကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်ကျင်ဌေးအား Tomorrow ဂျာနယ်မှ သွားရောက် မေးမြန်း ဖြစ်ခဲ့ပါသည်။

မေး ။ ။ ဆရာမကြီးအမှု နိုင်တယ်လို့ ကြားပါတယ်၊ အဲ့ဒီ အပေါ်မှာ ဆရာမကြီးရဲ့ သဘောထားကို ပြောပြပေးပါဦး။
ဖြေ ။ ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ ကျွန်မရဲ့ အမှုကို ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ တရားရေး မဏ္ဍိုင်က တကယ်ကို တည့်မတ်မှုရှိရှိ ဆုံးဖြတ်ခဲ့တဲ့ အတွက် တကယ်ကို နမူနာကောင်း တစ်ရပ်လို့ မြင်မိတယ်။ အခုချိန်မှာ ဘယ်သူနဲ့မှ အဆက်အသွယ် မရသေးပါဘူး။ ဒီဖြစ်စဉ်ကြောင့် ကျွန်မနဲ့ ကျွန်မမိသားစုတွေ လူမှုရေးအရ ဂုဏ်သိက္ခာ ညှိုးနွမ်းခဲ့ရတယ်။ အခုလိုလုပ်ရတာကလည်း နောက်နောင်မှာ ပညာရေးဝန်ကြီး ဌာနမှ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ လူတွေက အာဏာ အလွဲသုံးစား လုပ်ပြီး မတရားအနိုင်ကျင့်တဲ့ အရာတွေ မပေါ်ပေါက်စေဖို့ အတွက် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်း ဥပဒေဟာ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အကျုံးဝင်တဲ့ အတွက်ကြောင့် အခုလို ပြည်ထောင်စု တရားလွှတ်တော်ရုံးက အမှန်တရားအတိုင်း ဆုံးဖြတ်ပေးတဲ့ အတွက် နိုင်ငံ့ဝန်ထမ်း အားလုံးအတွက် ဥပဒေနဲ့ အကာကွယ်ရသွားတယ်လို့ မြင်ပါတယ်။

မေး ။ ။ အမှုရင်ဆိုင်နေခဲ့ရတဲ့ ကာလအတွင်း ဆရာမကြီး၊ တွေ့ကြုံ ခံစားခဲ့ရတဲ့၊ လူမှုရေး အခက်အခဲ တွေရှိရင် သိချင်ပါတယ်။
ဖြေ။ ။ လူမှုရေး အခက်အခဲတွေကတော့ တကယ်ကို အများကြီးရှိပါတယ်။ အမှုရယ်လို့ ဖြစ်လာပေမယ့် ကိုယ့်မှာက ဘာပြစ်ချက်မှ မရှိဘူး။ တကယ်တမ်း ပြောရမယ်ဆိုရင် ပညာရေးဝန်ကြီး ဌာနရဲ့ လုပ်ပိုင်ခွင့် အာဏာရှိတဲ့ သူတွေက လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်ပြီး ပုဂ္ဂိုလ်ရေး အာဃာတတွေနဲ့ မတရား ချမှတ်လိုက်တဲ့ အမှုဖြစ်တယ်။ အဲဒီလို ဖြစ်လာတဲ့အခါမှာ ဆရာမတို့ ဘက်က ဂုဏ်သိက္ခာ ထိခိုက်တော့တာပဲ။

ဆရာမကြီး အနေနဲ့ သာမက ဆရာမကြီးတို့ မိသားစု အနေနဲ့ရော ဂုဏ်သိက္ခာပိုင်း အရမ်းထိခိုက် နစ်နာတယ်။ အဲဒါဟာ ဘာနဲ့မှ ပြန်ပြီးတော့ လျော်လို့မှမရဘူး၊ ဘယ်လို ပြောမလဲ။ ကုန်လွန်ခဲ့ပြီးတော့ ဒီလိုဖြစ်ပျက်ခဲ့တဲ့ နစ်နာမှုတွေ ဘယ်လိုပြန်ပြီးတော့ ကုစားပေး နိုင်မလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ ဆရာမကြီးကိုဆိုရင် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုလုံးက ကျင်ဖယ်ထားသလို နှုတ်ဆက် ပြောဆိုခြင်းတောင် မရှိတော့ဘူး။ လုပ်ကိုင်ခဲ့တဲ့ အသိုင်းအ၀ိုင်းကလည်း ဒီလိုပဲ သားသမီးတွေ ဆိုရင်လည်း ဒီလိုပဲ ခံစားခဲ့ရတယ်။ ပညာသင်ကြားနေတဲ့ ကလေးတွေ မှာဆိုရင် တစ်ချို့ ဆရာမလေးတွေ ဆိုရင် စောင်းမြောင်း ပြောဆိုတာတွေ ခံခဲ့ရတယ်။ ကလေးတွေက မျက်နှာငယ် ခဲ့ရတာပေါ့နော်။ အတန်းသူ အတန်းသားတွေ အနေကလည်း မပေါင်းတော့ဘူး။ ကျဉ်ဖယ် သွားတာမျိုးတွေ အဲဒါမျိုးတွေဟာ ဆရာမကြီးတို့ ဘက်ကနေပြီးတော့ အရမ်းကို ထိခိုက် ခံစားခဲ့ရတယ်။

မေး ။ ။ စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုတွေရော ဘယ်လောက် ထိရှိခဲ့ပါသလဲ။
ဖြေ ။ ။ စီးပွားရေးအရ ဆုံးရှုံးမှုလို့ ပြောရမယ်ဆိုရင် ကိုယ်ကလည်း အပြစ်ရှိတာ မဟုတ်ဘူး။ အသက်အရွယ် အရကလည်း ပင်စင်ယူရမယ့် အရွယ်လည်း မဟုတ်တော့ ပင်စင်ယူဖို့ မစဉ်းလည်း မစဉ်းစားထားဘူး။ ပြင်လည်း မပြင်ဆင်ထားဘူး။ ဒီအမိန့်ကလည်း မတရား ထုတ်ပြန်ထားတဲ့ အတွက် ဒါကို လုပ်နေရတဲ့အတွက် ပင်စင်ဖောင်ကိုလည်း မတင်ထားတဲ့ အတွက် လစာကော ပင်စင် လစာကော မရဘူး။ အားလုံးက ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းခဲ့ရတယ်။ တစ်နှစ် အတွင်းမှာ ကျွန်မအတွက် နစ်နာတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ပြန်လည် ကုစားပေးဖို့ ကျွန်မရဲ့ ရှေ့နေနဲ့ တိုင်ပင်ပြီး ဥပဒေ အကြောင်းအရ ဆက်လက် ဆောင်ရွက်မယ်။ ကျွန်မကို မဟုတ်မမှန် အမိန့် မတရားချမှတ်ခဲ့တဲ့ လူတွေကိုရော ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာကို စောင့်ကြည့်နေပါတယ်။ သူတို့ရေးပြီး ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက ပုဂ္ဂိုလ်ရေး ဆန်ဆန် ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် အသရေ ပျက်အောင် ရေးသားချက်၊ ပြောဆိုချက်၊ စွပ်စွဲချက်ကို ပြုလုပ်တဲ့သူတွေက သူတို့ရဲ့ စကားတွေ၊ ရေးသားချက်တွေကို တာဝန်ယူရတော့မယ်။

မေး ။ ။ အဲ့ဒီလို ထိခိုက်နစ်နာခဲ့ရမှုတွေ အတွက် ဆရာမကြီး ဘာဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ ။ ။ ဒီကိစ္စမှာ နစ်နာခဲ့တာနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက်ပြီး ဆွေးနွေး ဆောင်ရွက်မယ်။ ကျွန်မရဲ့ နစ်နာကြေး၊ ရသင့်ရထိုက်တဲ့ အရာတွေ အားလုံးပဲ။ ဘယ်လောက်ထိ နစ်နာလဲဆိုရင် စီးပွားရေး တက္ကသိုလ် အသိုင်းအ၀ိုင်းမှာ လက်ရှိ ပြည်ထောင်စု ၀န်ကြီးနဲ့ ကျွန်မနဲ့က စာရွက်တစ်ရွက်ထဲမှာ တစ်ရက်တည်း ကျူတာအတူတူ ဖြစ်ခဲ့တာပါ။ အခုချိန်မှာ ဒုတိယ ပါမောက္ခချုပ် ရာထူးကိုပေးဖို့ ကျွန်မက ထိပ်ဆုံးမှာပါ။ တရားရင်ဆိုင်လိုက်ရတဲ့ အချိန်မှာ ကိုယ့်အောက်က လူတွေက ကျော်ပြီးတော့ တက်သွားတဲ့ အတွက် ကျွန်မ အရမ်းနစ်နာတယ်။ ကျွန်မ ရသင့်ရထိုက်တဲ့ ရာထူး နေရာတွေလည်း မရခဲ့ဘူး။ ရာထူးနဲ့ လျော်ညီတဲ့ ခံစားခွင့်တွေ ဘာတစ်ခုမှ မခံစားရတဲ့ အတွက် ဆုံးရှုံးခဲ့ရတယ်။ ဒါတွေဟာ နစ်နာမှုတွေပေါ့။ လစာမရတဲ့အပြင် တရားစရိတ်တွေ ရင်ဆိုင်ခဲ့ရတာတွေ အများကြီးပါ။

မေး ။ ။ အမှုက နိုင်သွားပြီး မယူမနေရ ပင်စင်လိုင်စင် ပုဒ်မကို ပယ်ဖျက်လိုက်ပြီဆိုတော့ တာဝန် ပြန်လည် ထမ်းဆောင်ခွင့် ရမှာပါလား။
ဖြေ ။ ။ မယူမနေရ လိုင်စင်ကတော့ တရားဝင် ပယ်ဖျက်လိုက်ပြီ ၊သို့သော်လည်း ထိုက်တန်တဲ့ ရာထူး နေရာရမှ ပြန်လည် ထမ်းဆောင်နိုင်ခွင့်ရအောင် ဥပဒေ ရှေ့နေနဲ့ ဆောင်ရွက်ရဦးမယ်။ ဆရာမကို တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပေးခဲ့မယ် ဆိုရင်တောင် ဘယ်သူမှ မလိုချင်တဲ့နေရာ၊ ဒေသတွေ၊ ရာထူးတွေနဲ့ ပြန်လည် အမိန့်ချလိမ့်မယ်လို့ ထင်ထားပါတယ်၊ အဲဒီတော့ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးရဲ့ တရားစီရင် ဆုံးဖြတ်တဲ့ စာမရသေးတဲ့အတွက် စောင့်နေတာပါ။ အဲဒီစာရပြီဆိုရင် ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာပါ။

ပြီးတော့ နိုင်ငံတော်က ဘယ်လို ကုစားပေးမလဲဆိုတဲ့ အပ်ါမှာ မူတည်ပါတယ်။ ကျွန်မနဲ့ ထိုက်တန်တဲ့ ရာထူးနေရာ၊ ရာထူး မဟုတ်ဘူးနော်။ နေရာမှာ ပြန်လည်ထမ်းဆောင်ဖို့ အခွင့်အလမ်း ပေးရင်၊ ဒီလို နစ်နာမှုတွေကို ကုစားပေးမယ်ဆိုရင် ကိုယ့်ရဲ့ ပညာရပ်က ပြန်ပြီး နိုင်ငံတော် အတွက် အကျိုးရှိအောင် အသုံးပြုနိုင်မှာပါ။

တွေ့ဆုံမေးမြန်းသူ ဇေယျာ

Tomorrow news journal