သူများအိမ်ရှေ့မှာ ခွေးအညစ်အကြေး လွှင့်ပစ်မိလို့ ရာထူးက နှုတ်ထွက်ပေးတဲ့ အမေရိကန်မြို့တော်ဝန်

ပို့စ်တင်ချိန် - 6/19/2014 03:26:00 PM



အမေရိကန်ပြည်ထောင်စု ဆန်မာရီနို မြို့တော်က မြို့တော်ဝန် မစ္စတာ ဒန်းနစ်စ်ကနီယာဟာ အိမ်နီးချင်း ခြံဝန်း တစ်ခုရှေ့ လမ်းဘေးကို သူ့မှာပါလာတဲ့ ခွေးအညစ်အကြေးထုပ် လွှင့်ပစ်မိတာ လူသိများသွားခဲ့တာမို့ သူ့အပြစ်ကို ဝန်ခံခဲ့ပြီး မြို့တော်ဝန်ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

အိမ်နီးချင်းအိမ်မှာ တပ်ထားတဲ့ CCTV မှာ အညစ်အကြေး ထုပ်လွှင့်ပစ်နေတဲ့ပုံ သက်သေနဲ့တကွ သွားပေါ်တာမို့ အိမ်နီးချင်းက ရဲကို တိုင်လိုက်တာမို့ မြို့တော်ဝန်ကြီး အရေးယူခံရတာ ဖြစ်ပါတယ်။

“အိမ်နီးချင်းကို ကျွန်တော့် လုပ်ရပ်အတွက် တောင်းပန်ပါတယ်။ အမှိုက်ပစ်မိတဲ့အတွက် ဒဏ်ငွေ ကျွန်တော် ဆောင်ပါ့မယ်” လို့ မြို့တော်ဝန် မစ္စတာ ဒန်းနစ်စ်ကနီယာက ပြောကြားပါတယ်။

မြို့တော်ဝန် ကနီယာ ပြောပုံအရ ဒီအညစ်အကြေးဟာ သူ့ခွေးဆီက မဟုတ်ဘဲ ပလက်ဖောင်းပေါ်မှာ တွေ့တဲ့ အညစ်အကြေးထုပ်ကို လမ်းဘေး အိမ်နီးချင်းအိမ်ရှေ့ကိုပစ်ခဲ့တာဖြစ်ပြီးတော့၊ တကယ်ဆို အမှိုက်ပုံးအထိ ယူသွားသင့်တာမို့ သူ့လုပ်ရပ်မှားပါတယ် လို့လည်း ဆိုပါတယ်။

အမေရိကမှာ ခွေးမွေးထားတဲ့လူတွေဟာ လမ်းပေါ်မှာ ကိုယ့်ခွေးက အညစ်အကြေးစွန့်ပြီဆိုရင် သေချာကျုံး ပြီးတော့ အမှိုက်ပုံးထဲ ရောက်အောင်ပစ်ရတဲ့ စည်းမျှဉ်းရှိပါတယ်။

ဒီဖြစ်ရပ်ဟာ မိမိကိုယ်တိုင်နဲ့ မြို့တော်ကို အရှက်ရစေတာမို့ မြို့တော်ဝန်အဖြစ်က နူတ်ထွက်ပေးခဲ့တာပါလို့ သူက ပြောသွားပါတယ်။
Messenger