ဆံပင် ပြန်ပေါက်စေမည့် ဦးထုပ် ၀ယ်ဆောင်းနိုင်တော့မည်

ပို့စ်တင်ချိန် - 6/19/2014 03:26:00 PM



ကမ္ဘာတစ်ဝန်း လူသား သန်း (၁၅၀၀) လောက် ထိပ်ပြောင်ခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း နှင့် ရင်ဆိုင်နေရသည်။ ယခုအခါ ဦးထုပ်ဆောင်း ထားရုံဖြင့် ဦးထုပ်ထဲတွင် တပ်ဆင်ထားသော လေဆာများက ဆံတွင်းများထဲထိ လေဆာဖြင့်ထိုးကာ ဆံပင် ပြန်ပေါက်လာအောင် နှိုးဆွ ပေးမည်ဖြစ်ကြောင်း သိရသည်။ ဦးထုပ်ကို Theradome ဟု အမည်ပေးထားသည်။ ကယ်လီဖိုးနီးယား အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခြင်းဖြစ်ပြီး ဒေါ်လာ (၈၀၀) ၀န်းကျင်ဖြင့် ရောင်းချမည် ဖြစ်သည်။

ထိုဦးထုပ်ကို တစ်ပတ် နှစ်ကြိမ်၊ တစ်ကြိမ်ကို မိနစ် (၂၀)သာ ၀တ်ဆင်ရမည်ဖြစ်သည်။ စတင် ၀တ်ဆင်သည့် ရက်သတ္တပတ် (၁၈) ပတ်မှ (၂၆) ပတ်ကြား ကာလတွင် ထိပ်ပြောင်နှုန်း၊ ဆံပင်ကျွတ်နှုန်း နှေးသွားပြီး လုံးဝ ရပ်သွားအောင် လေဆာရောင်ခြည် ကုထုံးဖြင့် ဦးထုပ်က လုပ်ပေးမည် ဖြစ်သည်။ ထို့နောက် (၂၈) ပတ်မှ (၅၂) ပတ်ကြား ကာလတွင်ကား ဦးရေပြားနှင့် ဆံတွင်းများသို့ သွေးစီးဆင်းမှု ကောင်းလာအောင် လုပ်ပေးခြင်း၊ ဆံပင်ဆဲလ်များ ပွားများမှု အားကောင်းလာအောင် လုပ်ပေးခြင်းများဖြင့် ဆံပင်များ ပြန်ပေါက်လာအောင် လုပ်ပေးမည် ဖြစ်သည်။

ရက်သတ္တပတ် (၁၀၀) ၀န်းကျင်သို့ ရောက်လာပြီဆိုလျှင် ထိပ်ပြောင် နေသူများပင် သဘာဝ စစ်စစ် ဆံပင်များ ထူထူထဲထဲ ပြန်ပေါက် လာသည်ကို တွေ့ရမည်ဟု ကုမ္ပဏီက ဆိုသည်။ လူတစ်ယောက်၏ ဆံပင် ပေါက်နိုင်သော ဦးခေါင်းအရေပြားသည် (၁၁၁) စတုရန်း လက်မခန့် ကျယ်ဝန်းရာ Theradome  ဦးထုပ်သည် ၉၀ စတုရန်း လက်မထိ သက်ရောက်မှု ရှိကြောင်း သိရသည်။ လေဆာ ရောင်ခြည် လွှတ်ပေးမည့် လေဆာပေါက် (၈၀) ပါဝင်သည်။ လေဆာသည် အပူဓာတ်ပါသော သမားရိုးကျ လေဆာ မဟုတ်ဘဲ အေးသော လေဆာဓာတ်ဖြစ်ရာ နေအိမ်များမှာပင် အလွယ်တကူ အသုံးပြုနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Theradome  သည် သမားရိုးကျ ဆံပင်ပေါက်ဆေးများကဲ့သို့ အချိန်တိုအတွင်း ဆံပင် ပြန်ပေါက်စေရမည် ဟု ကတိပေးခြင်းမျိုး မရှိဘဲ နှစ်နှစ်နီးပါး အချိန်ယူ ကုသပြီးမှသာ ဆံပင် ပြန်ပေါက်နိုင်မည်ဟု ကြေညာ ထား မှုကြောင့်လည်း လက်တွေ့ ထိရောက်မည့် ပစ္စည်းတစ်ခုအဖြစ် သုံးသပ်မှု များလည်း ရှိနေသည်။

Source: Daily Mail
မြတ်ဆုကို
Messenger