စစ်ဖိနပ်အောက်က ၄၃၆ - ဘယ်သူတွေ ပြင်ဖို့ကြောက်နေသလဲ -ထင် လင်း ဦး

ပို့စ်တင်ချိန် - 6/19/2014 07:09:00 AM


၁၃.၆.၂၀၁၄ နေ့မှာ ဘိတ်ကနေ ကော့သောင်ကို လေယာဉ်နဲ့ခရီးဆက်ခဲ့ပါတယ် ။ နောက်နေ့ ၁၄ ရက်နေ့မှာ ကော့သောင်မြို့ မဉ္ဇူသကခန်းမရှေ့မှာ ကျင်းပမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးထွန်းမြင့်အောင်တို့နဲ့အတူ ဟောပြောဖို့ အတွက်ပါ ။ ထုံးစံအတိုင်း ပတ်ဝန်းကျင်အခြေအနေ တွေကိုလည်းလေ့လာချင် ၊ ဒေသခံတွေနဲ့လဲ စကားစမြည် ပြောဆို မေးစရာမေး ဖြေစရာဖြေ ၊ မျှဝေစရာတွေ မျှဝေဖို့ တစ်ရက်ကြိုသွားခဲ့တာပါ ။

လေဆိပ်ကနေ တည်းခိုခန်းရောက်လို့ အ၀တ်အစားအိပ်လေးချပြီး ကုတင်ပေါ်လှဲချလိုက်တုံးမှာပဲ ၊ ကော့သောင်မြို့က NLD နဲ့ ၈၈ လူငယ်များက စာရွက်တစ်စုံကိုလက်ထဲထည့်ပေးလာပါတယ် ။ မနေ့ တစ်နေ့ ကမှ မြို့ထဲလိုက်ဝေသွားတာပါတဲ့ ဘယ်သူဘယ်ဝါ ဘယ်အဖွဲအစည်း ဝေမှန်း မသိရ သေးဘူး စုံစမ်းနေဆဲပါတဲ့ ။
ဖတ်ကြည့်လိုက်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ မပြင်ဆင်ရေး လှုံ့ဆော်တဲ့စာရွက်တွေကိုး ။

လူငယ် တွေကတော့ စိတ်မကောင်းကြဘူး ။ သူတို့ကိုအားပေးရတယ် ။ နိုင်ငံရေးမှာအသုံးချခံ တွေရှိတယ် ။ တစ်ချို့က သေသေချာချာနားမလည်လို့အသုံးချခံရတာ ၊ တစ်ချို့က သိသိကြီးနဲ့ ကိုယ်ကျိုး အတွက် ပေးစာကမ်းစာ ထောက်ပံ့စာယူပြီး အသုံးချခံတာ လို့ ရှင်းပြရတယ် ။

အဲဒီတော့မှ သူတို့ မျက်နှာ လေးတွေ ကြည်လာကြတယ် ။ပြီးတော့မှတစ်ယောက်က အစ်ကို တစ်နိုင်ငံလုံးမှာ ဒီလိုမသိနားမလည်တဲ့ပြည်သူတွေက ဒီစာတွေဖတ်ပြီး ဇဝေဇ၀ါတွေဖြစ်နိုင်တယ် ၊ ပြည်သူတွေကို အသိပေးဖို့ရေးပါဦးလို့ ပြောပါတယ် ၊ အဲဒါနဲ့ပဲ ဒီစာကို ရေးရပြန် တော့တယ် ။

ပုဒ်မ ၄၃၆ ကို ပြင်ရင် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်သွားမှာစိုးလို့ ဆိုပြီး စာရွက်တွေဝေကြတယ်
အဲဒီလူတွေဟာ ဘယ်သူဘယ်ဝါမှန်းသိစရာမလိုပါဘူး ။ စုံစမ်းမေးမြန်းနေစရာလည်းမလိုပါဘူး ။ ဘာကြောင့် လည်းဆိုတော့ ဘာကြောင့် ဒီ ၄၃၆ ကို ပြင်ဆင်ဖို့ကန့်ကွက်တာလဲဆိုတာထက် ဒီ ၄၃၆ ကိုပြင်လိုက်ရင် ဘယ်သူ ၊ ဘယ်အဖွဲ့အစည်းကိုထိခိုက်နစ်နာစေမလဲ ဆိုတာစဉ်းစားကြည့်လိုက်ရင်ပေါ်ပါတယ် ။

အကျိုးစီးပွား မထိခိုက်သူတွေ ၊ အဖွဲ့အစည်းတွေကတော့ ပြင်ဆင်ဖို့ကို မထောက်ခံချင်နေမယ် ၊ ကန့်ကွက်ဖို့နဲ့ မပြင်ဆင် ဖို့အထိတော့မလုပ်ဘူး ။ ဒါဆိုရင် အခုပြင်ဆင်မှုကို ကန့်ကွက်စာဝေ သူတွေ အဖွဲ့အစည်းတွေဟာ ၄၃၆ကို ပြင်ဆင်ရင် အကျိုးစီးပွားထိခိုက်မဲ့သူတွေပေါ့ ၊ အဲဒီလိုလူတွေရဲ့ လက်ကိုင်တုတ်တွေ ၊ အသုံးချ ခံတွေပေါ့ ။ အရှင်းသားပါကပဲ ။

ထပ်ပြီးစဉ်းစားကြည့်ပါမယ် ။ တံခါးပေါက်တစ်ပေါက်ကို ဖွင့်နိုင်ပါတယ်လို့ပြောနေပေမဲ့ သော့ခတ်ပြီး သော့တံလွှင့်ပစ်ထားရုံမျှမက ၊ သော့တံထိုးသွင်းဖို့အပေါက်ကိုပါ ဂဟေဆော်ပြီး ပိတ်ထားသလို ဆိုရင်တော့ ဒီအခန်းထဲမှာ လူသိမခံချင်တဲ့ အရာတွေသိမ်းဆည်းသိုမှီးထားတာ သေချာနေသလိုပါပဲ ။

ပြင်ဆင်ခွင့်ပေးထားပါ တယ်ဆိုပေမဲ့ ဘယ်လိုမှ မပြင်ဆင်နိုင်အောင် အမျိုးမျိုးအဆင့်ဆင့်ကြပ်တည်း စွာ ပိတ်ဆို့ထားပြီဆိုမှတော့ ဒီ ၄၃၆ ဟာ ပြည်သူတွေအကျိုးငှာမဟုတ်တဲ့ တစ်ခုခုသော တစ်ခုခု တို့ကို ကာကွယ်ပေးနေတာဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ ။ အဲဒါကိုဆန်းစစ်ကြည့်ကြပါမယ် ။ ဒီဆောင်းပါးအဆုံးမှာတော့ အဖြေတစ်ခုထွက် လာပါလိမ့်မယ် ။

၄၃၆ ကိုမပြင်ချင်တာဘယ်သူတွေဖြစ်မလဲ ၊ ပြင်ဆင်မှာကို အကြောက်အကန် ကန့်ကွက်မဲ့ သူတွေကို မွေးပြီး ပြင်ဆင်ရေးကိုပျက်ပြားစေချင်တာဟာ ဘယ်သူတွေဖြစ်မလဲ ။ ၄၃၆ က အကာ အကွယ် ပေးတာကို ခံစားနေသူတွေပေါ့ ။ ၄၃၆ ကိုပြင်ဆင်ရင် အကာအကွယ်မဲ့ပြီး အာဏာ လက်လွတ် ၊ လုပ်ပိုင်ခွင့် လက်လွတ် ဖြစ်ရမဲ့သူတွေပေါ့ ။ ဒါဆိုရင် ၄၃၆ မပြင်ရေး ဆန္ဒပြသူတွေ ၊ ဟောပြောသူတွေ ၊ စာဝေသူတွေဟာ အဲဒီလူ တွေရဲ့ လက်ဝေခံ အသုံးချခံတွေပဲပေါ့ ။

ပုဒ်မ ၄၃၆ အရ ပြင်ရခက်အောင် လုပ်ထားတဲ့ထဲမှာ ပုဒ်မ ၅၉(စ) တစ်ခုထဲမဟုတ်ပါဘူး ၊ အခန်း(၁) ပုဒ်မ အားလုံး ၊ အခန်း(၂) ပုဒ်မ အားလုံး လို့ ထည့်သွင်းထားပါတယ် ။ အဲဒီတော့ အခန်း(၁)က ပုဒ်မ ၆(စ)မှာ ဘာပြဌာန်းထားသလဲ ။ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်ကဏ္ဍမှာ တပ်မတော်က ဦးဆောင်ပါဝင်ရေး ကို အစဉ်တစ်စိုက် ဦးတည်သည် ဆိုမဟုတ်လား ။ အကယ်၍ ၄၃၆ ပြင်ဆင်လိုက်ရင် နိုင်ငံတော်ရဲ့ နိုင်ငံရေးမှာ တပ်မတော်က ၀င်ရောက်ပါဝင်စွက်ဖက်ခွင့်မရှိတော့ဘူးပေါ့ ။ အဲဒီလိုအခြေအနေမျိုးကို ဘယ်သူက မလိုလား ဘူးလဲ ။ ဒီပုဒ်မဘယ်သူက မပြင်ဆင်စေချင်ဘူးလဲ ။ ဒါဆိုရင် ၄၃၆ မပြင်ရေး ဆန္ဒပြသူတွေ ၊ ဟောပြောသူတွေ ၊ စာဝေသူတွေဟာ အဲဒီလူတွေရဲ့ လက်ဝေခံ အသုံးချခံတွေပဲပေါ့ ။

ဒီပုဒ်မ ၆(စ)ကို အကိုးအထောက်ပြုပြီး အခန်း (၄) ပုဒ်မ ၇၄ ၊ ၁၀၉ ၊ ၁၄၁ ၊ ၁၆၁ တို့နဲ့ စစ်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ထဲမှာ ငုတ်တုတ်ထိုင်ခွင့်ရအောင် လုပ်ထားတဲ့ ဥပဒေတွေကိုပြဌာန်းပါတယ် ။ ၄၃၆ ပြင်ရင် ဒါတွေပြင်ဖို့လမ်းပွင့်သွားမှာပေါ့ ။ စစ်သား ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲက ထွက်ပေးဖို့ ဖြစ်လာ မယ် ။ ဥပဒေပြုလွှတ်တော်မှာ စစ်သား ၂၅ ရာခိုင်နှုန်းမရှိတော့ရင် လွှတ်တော်ဟာ ပြည်သူ့ ကိုယ်စား လှယ် တွေရဲ့ ဆန္ဒ တစ်နည်းအားဖြင့် ပြည်သူ့ဆန္ဒကို ပိုမိုဖော်ဆောင်နိုင်တော့မယ် ။ လယ်ယာ မြေသိမ်း ပြဿနာ တွေကို အခုထက်ပိုပြီး မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဆုံးဖြတ်အရေးယူနိုင်လာလိမ့်မယ် ။

န၀တခေတ်မှာ ပြည်သူ့လယ်ယာမြေများကို မတရားသိမ်းယူထားသူ အပွင့်ကြီးတွေ အခက်ကြီးတွေဟာ ဒီအခြေအနေမျိုးကို လိုလားပ့ါမလား ။

အဲဒီလွှတ်တော်က ပြည်သူတွေ ကျန်းမာရေး နဲ့ စာရိတ္တမဏ္ဍိုင်ထိခိုက်စေတဲ့ အရက်ခွန် ၊ ဘီယာခွန် ၊ စီးကရက်ခွန်တွေကို အဆများစွာတိုးမြှင့်ကောက်ခံလာမယ်ဆိုတာကို အရင်န၀တစစ် အစိုးရနဲ့ ပလဲနံပသင့်ပြီး စီးပွားရေးအင်ပါယာကြီးတွေထူထောင်ထားခဲ့ကြတဲ့ အဲဒီလုပ်ငန်းရှင်ကြီးများနဲ့ သူတို့နဲ့ အကျိုးတူ ပူးပေါင်းထားကြတဲ့ ဟဲဗီးဝိတ်ကြီးတွေက လက်ခံနိုင်ပါ့မလား ။

အဲဒီတော့ ဒီ ဥပဒေ ၄ ခုကို ဘယ်သူ က မပြင် ချင်ဘူးလဲ ဆိုတာသိလောက်ပြီပေါ့ ။ အဲဒီလိုသိရင် ၄၃၆ မပြင်ဖို့ ဆန္ဒပြသူ စာဝေသူတွေဟာ ဘယ်သူတွေရဲ့ အိတ်ထောင်ထဲက လည်းဆိုတာ သိလောက်ပြီပေါ့ ။

၄၃၆ နဲ့ ပြင်ဆင်ဖို့ခက်အောင်လုပ်ထားတဲ့ ဥပဒေပုဒ်မတွေထဲမှာ အခန်း (၃)က ပုဒ်မ ၅၉ နဲ့ ပုဒ်မ ၆၀ လည်းပါတယ် ။ ၅၉(စ)အကြောင်းတော့ဒီဆောင်းပါးမှာထည့်မပြောတော့ပါဘူး ။ ပုဒ်မ ၆၀မှာ အပိုဒ်(ခ) အရ နိုင်ငံတော် သမ္မတရွေးချယ်ဖို့အတွက် ဒုတိယ သမ္မတလောင်း (၃) ဦးကို အစုအဖွဲ့ (၃)စုက ရွေးပေးရတယ် ပြည်သူ့လွှတ်တော်ထဲက ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်
တွေက ဒုသမ္မတတစ်ဦး ၊ အမျိုးသား လွှတ်တော်ကပြည်သူတွေ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့က ဒုသမ္မတ တစ်ဦး ၊ ဘယ်သူက မှ ရွေးကောက်တင်မြှောက်မထားပဲ ကိုယ့်ဆရာကိုယ့်အကြီးအကဲက အမည်စာရင်းတင်သွင်းပြီး ခပ်တည်တည်နဲ့ လွှတ်တော်ကိုယ်စား လှယ်ဖြစ်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်များက ဒုသမ္မတတစ်ဦး ရွေးချယ် တင်မြှောက် ပေးကြရပါတယ် ။
အဲဒီ ပုဒ်မ ၆၀ ကို မပြင်မဆင်ထားလိုက်နိုင်ရင် ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်မဲဆန္ဒနယ်က မှ ၀င်ရောက် ယှဉ်ပြိုင်စရာမလိုပဲ အချိန်ကျမှ လူဝတ်ကောက်လဲပြီး ဒုသမ္မတ ခန့်ခန့်ကြီးဖြစ်လာနိုင်တယ် ။ (လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်လို့ အပိုဒ်ခွဲ (ဂ)မှာ ထပ်ပြဌာန်းထားသေးသကိုး ) အဲဒီလို ဒုတိယသမ္မတဖြစ်ပြီး ၊ အခန့်သင့်အချက်ပိုင်လို့ တပ်မတော်ချစ်သူ ကိုယ်စားလှယ်မဲများ နှင့် တပ်မတော်သား ကိုယ်စားလှယ်တို့ရဲ့ မဲတွေပေါင်းလိုက်ရင် သမ္မတကြီး ဦးမင်းအောင်လှိုင်တောင် နေ့ချင်းညချင်းဖြစ်သွား နိုင်တယ် ။

ဒါကစိတ်ကူးနဲ့တွက်တာမဟုတ်ဘူး ။ ပုဒ်မ ၆၀ရဲ့အကျယ်အ၀န်းကို အဓိပ္ပါယ် ဖွင့်ဆိုတာပါ ။၄၃၆ မပြင်နိုင်ရင် အဲဒီ ပုဒ်မ ၆၀ ကို မပြင်နိုင်ဘူး ဒါဆို အထက်က ပြောခဲ့တဲ့ အတိုင်းဖြစ်လာဖို့ဆိုတာ အင်း ……. ပေါ့ ။

ဒီလောက်ဆို ၄၃၆ မပြင်ရင် ပုဒ်မ ၆၀ကိုပြင်လို့မရဘူး ၊ ဒါဆို ဘယ်သူအကျိုးရှိမလဲ ၊ ပြင်လိုက်ရင် ဘယ်သူအကျိုးပျက်မလဲ ဆိုတာသိလောက်ပြီပေါ့ ။ ဒါဆို ပုဒ်မ ၄၃၆ မပြင်ရေး ဟောပြောသူ ၊ ဆန္ဒပြသူ၊ စာဝေသူတွေဟာ ဘယ်သူအားရအောင် အသံထွက်နေသူတွေလည်း ဆိုတာ သိလောက်ပြီပေါ့ ။

ပုဒ်မ ၄၃၆ပြင်မှ ပြင်လို့ရမဲ့ ဥပဒေထဲမှာ အခန်း(၅) ပုဒ်မ ၂၀၀ ၊ ၂၀၁ ၊ ၂၄၈ ၊ ၂၇၆ တို့လဲပါပါတယ် ။ ပုဒ်မ ၂၀၁ က ကာ/လုံဖွဲ့စည်းခြင်းပါ ။ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်သူ့ လွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ကာကွယ်ရေး ဦးစီးချုပ် ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ဆိုပြီး ၁၁ ယောက် ပါဝင်ဖွဲ့စည်းပါတယ် ။ အဲဒီ၁၁ ယောက်က တိုင်းပြည်ရဲ့ အရေးကြီးအဆုံးအဖြတ်တွေကို ချမှတ်ပါတယ်။ အဲဒီ ၁၁ ယောက်မှာ ပါတဲ့ ဒု-သမ္မတတစ်ယောက်က တပ်မတော်သား ကိုယ်စားလှယ်များမှ ရွေးချယ်ထားသူပါ ၊ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး တို့ (၃)ယောက်က ကာချုပ်ကရွေးတာပါ ။ အဲဒီတော့ ကာချုပ် ၊ ဒုကာချုပ်ကိုပါထည့်လိုက်ရင် ကာလုံ ၁၁ ယောက်မှာ (၆)ယောက်က ကာ/ချုပ်လက်ထဲမှာ ရှိပါတယ်။

အဲဒီတော့တိုင်းပြည်ရဲ့အရေးကြီးအဆုံးအဖြတ်တိုင်းဟာ ဘယ်သူ့လက်ထဲမှာလဲ ။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဘယ်သူလက်ထဲထည့်ထားသလဲ ။ အကယ်၍ ၄၃၆ ကိုပြင်လိုက်ရင် ဒီအနေအထားက ပြောင်း သွားရင် ဘယ်သူ့သြဇာအာဏာလျော့ပါးသွားမလဲ ။ အဲဒီတော့ ၄၃၆ ကို ဘယ်သူက မပြင်ချင်ဘူး လဲ ဆိုတာသိတော့ပေါ့ ။ ၄၃၆ မပြင်ဖို့ ဆန္ဒပြသူ စာဝေသူတွေဟာ ဘယ်သူ့ အာဏာတည်မြဲရေး အတွက် လုပ်နေကြသူတွေဆိုတာ သိလောက်ပြီပေါ့ ။

အခန်း(၆) တရားစီရင်ရေး - ပုဒ်မ ၂၉၃နဲ့ ၂၉၄ ကလည်း ၄၃၆ ကိုမပြင်နိုင်ရင် ပြင်လို့မရတဲ့ ဥပဒေတွေပါပဲ ။ ပုဒ်မ ၂၉၃ က နိုင်ငံတော်တရားစီရင်ရေးဆိုင်ရာတရားရုံးများကို ဖွဲ့စည်းခြင်းပါ ၊ ပုဒ်မခွဲ (ခ) မှာ စစ်ဘက်ဆိုင်ရာ တရားရုံးများ ဖွဲ့စည်းခြင်းကိုခွင့်ပြုထားပါတယ် ။ ပုဒ်မ ၂၉၄ မှာ ပြဌာန်းထားတာက စစ်တပ်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စု တရား လွှတ်တော် ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည် .. လို့ပြဌာန်းထားပါတယ် ။

အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံတော် တရားလွှတ်တော်ချုပ်ဟာ မြင့်ချင်သလောက်မြင့် စစ်ဘက်ဆိုင်ရာ တရားရုံးချုပ်ထက်တော့မမြင့်ရဘူး (အောက်မှာနေချင်နေပေါ့) ဆိုတဲ့ အဓိပ္ပါယ်ပါပဲ စစ်သည် တစ်ယောက် က ပြည်သူတစ်ဦးတစ်ယောက်ရဲ့ ရွှေဆိုင်ကိုဝင်ဓားပြတိုက်ရင်တောင် အဲဒီအမှုကို အရပ်ဖက် တရားရုံးက စီရင်ဆုံးဖြတ်ပိုင်ခွင့်မရှိတော့ပါဘူး ၊ စစ်သည်တစ်ဦး တစ်ယောက်က ပြည်သူ တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့စော်ကားရင်လဲပဲ အရပ်ဖက်တရားရုံးမှ စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး ။

ပုဒ်မ ၄၃၆ ကိုမပြင်နိုင်ရင် အဲဒီပုဒ်မ ၂၉၃ ၊ ၂၉၄ ကိုမပြင်နိုင်ဘူး ။ အဲဒါဟာ ဘယ်သူ့ကို ၊ ဘယ်အဖွဲ့အစည်းကို အထူးအခွင့်အရေးပေးထားတဲ့ ဥပဒေလဲ ။ ဒီဥပဒေတွေကို ပြင်ဆင်လို့မရဖို့ ၄၃၆ ကို ပြင်လို့မရအောင် လုပ် ထားတာမဟုတ်လား ။ နိုင်ငံတစ်ခုရဲ့ တရားစီရင်ရေးကိုတောင် ချွင်းချက်နဲ့ အုပ်စီးထားတာဟာ ဘယ်သူ ဘယ်အဖွဲ့အစည်းကို ဘယ်သူကမှ မျက်ခုံးပေါ်ကျော် မကြည့်ရဲအောင်လုပ်ထားတာလဲ ။ ပုဒ်မ ၄၃၆ ကိုပြင်ဆင်ပေးလိုက်ရလို့ ဒီပုဒ်မ ၂၉၃ ၊ ၂၉၄ တွေကို ပြင်လိုက်ရပြီဆိုရင် ဘယ်သူတွေရဲ့ အာဏာပါဝါတွေကို ထိပါးလျော့နည်းသွားစေမလဲ ဆိုတာကို နားလည်မယ်ဆိုရင် ၄၃၆ ကို ဘယ်သူတွေကမပြင်ချင်ဘူးလဲ ။ ၄၃၆ မပြင်ဆင်ရေ ဟောပြောနေသူ ၊ ဆန္ဒဖော်ထုတ်သူ ၊ ပစ်စာဝေနေသူတွေဟာ ဘယ်သူအားရ ဘယ်သူဒဏ်ဝ အောင်လုပ်နေသူတွေလည်းဆိုတာ မြင်လောက်ပါတယ် ။

၄၃၆ နဲ့ပြင်ရခက်အောင် လုပ်ထားတဲ့ ဥပဒေတွေထဲမှာ အခန်း (၁၁) ပုဒ်မ ၄၁၀မှ ၄၃၂ အထိပါတယ် ပုဒ်မ ၄၁၀ နဲ့ ၄၁၁ ကတော့ ဟိုအခြေအနေတွေ သည်အခြေအနေတွေကြောင့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ်ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိလျှင်သော်လည်း ကောင်း ၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက် သော အကြောင်းရှိကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင် သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ နှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သော အရေးပေါ်အခြေအနေကြေညာနိုင်သည်-တဲ့ဗျား ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေက ပြည်သူက ရွေးရတာမဟုတ်ကြပါ ။ နိုင်ငံတော်သမ္မတက ခန့်အပ်ခြင်းခံရသူတွေသာဖြစ်ပါတယ် ။ အဲဒီတော့ ဒေသ ဆိုင်ရာ အာဏာပိုင်တွေဟာ ပြည်သူ့ မျက်နှာကိုကြည့်မလား ၊ ရာထူးချီးမြှင့်မြှောက်စား တဲ့အထက်ပုဂ္ဂိုလ် မျက်နှာကို ကြည့်မလား ။ပြည်သူ့ မျက်နှာ ကိုမကြည့်မထောက်မညှာလို့ ပြည်သူတို့ကဆန့်ကျင်လာသည့် အခါမျိုးကျရင် အထက်ပုဂ္ဂိုလ်ကြီးဆီ အရေးပေါ်အခြေအနေ ဖြစ်နေပါတယ်လို့ တင်ပြအစီရင်ခံခဲ့ရင် နိုင်ငံတော် သမ္မတက ကာ/လုံ နှင့်တိုင်ပင် ၊ ကာ/လုံကအကြံပေးရင် အရေးပေါ်အခြေအနေ ကြေညာရပါလိမ့်မယ် ။ ကာ/လုံ (၁၁)ယောက်မှာ အဖွဲ့ဝင်ခြောက်ဦးက ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပုံသေမဲ အဖြေဘယ်လို ထွက်လာပါ မလဲ ။

ပုဒ်မ ၄၁၂ (ခ)မှာ နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ညှိနှိုင်း ရာတွင် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်ကြသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်(၎င်းတို့၏ ရုပ်သေးကြိုးဆွဲရုပ်ဖြစ်သော) ပြည်ထဲ ရေးဝန်ကြီး ဌာန၀န်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကြေညာနိုင်သည် ဟု ထပ်ဆင့်ပြဌာန်း ပေးထားတယ် ။

ဆိုလိုတာက ကာ/လုံ အစည်းအဝေးကိ လူစုံအောင်စောင့်စရာမလိုဘူး ၊ ကာကွယ်ရေးဦးစီးချုပ် နှင့် သူ၏လက်အောက်မှ အပေါင်းပါနှစ်ဦး သဘောတူမျှဖို့ရရင် ဒေသဆိုင်ရာတစ်ခု ကိုဖြစ်ဖြစ် ၊ တစ်နိုင်ငံ လုံးကိုဖြစ်ဖြစ် အရေးပေါ်အခြေအနေ ကြေငြာချက်ကို ကြေညာလို့ရသွားပါပြီ ။

ပုဒ်မ ၄၁၃ (က) မှာတော့ အရေးပေါ် အခြေအနေကြေညာချက်အကျိုးသက်ရောက်သည့် နယ်မြေ အတွင်း မူလအခြေအနေကို အမြန်ပြန်လည် ရောက်စေရန် ဒေသဆိုင်ရာ ……. တပ်မတော်၏ အကူအညီ ရယူဆောင်ရွက်နိုင်တယ် လို့ဖော်ပြထားပြီး ၊ ပုဒ်မခွဲ (ခ)မှာတော့ နိုင်ငံတော်သမ္မသည် လိုအပ်ပါက စစ်အုပ် ချုပ်ရေး အမိန့်ကို ထုတ်ပြန်နိုင်သည် ယင်းစစ်အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို သော်လည်းကောင်း ၊ ရပ်ရွာအေးချမ်း သာယာ ရေးနှင့်တရား ဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားစီရင်ရေးတာဝန် များကိုသော် လည်းကောင်း သတ်မှတ်ပေးရမည် တဲ့ ။ ဒီပုဒ်မ ၄၁၃ (က)အရ ဒေသဆိုင်ရာ တစ်ခု ၊ ပုဒ်မခွဲ(ခ)အရ တစ်နိုင်ငံလုံး စစ်အုပ်ချုပ်ရေး လက် အောက်သို့ ပြန်လည်ကျ ရောက်သွားဖို့ဆိုတာ ( စစ်တပ်က အာဏာသိမ်းဖို့ဆိုတာ ) ပုဒ်မ ၄၁၂ (ခ) အရ ကာကွယ်ရေး ဦးစီးချုပ် ၊ ဒုတိယကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး တို့ သုံးဦး မျက်စပစ်ခေါင်းညိတ် အချက်ပြလိုက်ရန်သာလိုတယ်ဆိုတာကို ပြောင်ပြောင်တင်းတင်းအာဏာနှင်းပေးထားတာပါပဲ ။

ဒီပုဒ်မတွေအရဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့အုပ်ချုပ်ခံရတဲ့နိုင်ငံဟာ လည်ပင်းပေါ် သင်ဓုန်းဓား အတင်ခံ ထားရတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မှာပေါ့။ ပြည်သူတွေက တစ်တိုင်းပြည်လုံးဆန္ဒဖော် ထုတ်လာပြီဆိုတာနဲ့ အရေး ပေါ်အခြေအနေနဲ့တန်းတိုးမှာပေါ့ ၊ စစ်အုပ်ချုပ်ရေးနဲ့ ညားမှာပေါ့ ဒီလိုအခြေအနေမျိုး ကို ပြင်ဆင်လို့ မရနိုင် အောင် ၄၃၆ နဲ့ချုပ်ထားတာပါ ။ အကယ်၍ ၄၃၆ ပြင်လိုက်ရင် ဒီပုဒ်မတွေက ပြိုနေတဲ့ကမ္ဘားအစပ်က သစ်ပင်လိုဖြစ်တော့မှာပေါ့ ။

အချိန်မရွေး ဂငယ်ကွေ့ ပစောက်ကွေ့ကွေ့နိုင်အောင်လုပ်ထားပေးတဲ့ ဒီအခြေ အနေမျိုးကို ဘယ်သူက အပျက်ခံချင်ပါ့မလဲ ၊ ဒီပုဒ်မ တွေကိုမပြင်ချင်တဲ့သူတွေကဘယ်သူတွေလဲ ။

ဒီစစ်အုပ် ချုပ်ရေးကို ပြန်လည်အသက်သွင်းခွင့်ပေးထားတဲ့ ဒီပုဒ်မတွေကို မပြင်နိုင်အောင် ၄၃၆ မပြင်ဆင်နိုင် အောင် ဖျက်ချင်နှောင့်ချင်တဲ့ လက်သည်ကဘယ်သူလဲ ။ အခုစာဝေနေတဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့ သူတွေဟာ ဘယ် သူ့အတွက် အကျိုးဆောင်နေသူတွေလဲ ။

နောက်ဆုံးအဖြေထုတ်လိုက်ရင်တော့ ရှင်းနေပါတယ် ၊ စစ်အုပ်ချုပ်ရေးကို ဥပဒေနဲ့ အရေခြုံပြီး အ သက်သွင်းထားချင်သူတွေက ၄၃၆ ကို လုံးဝမပြင်ချင်ဘူး ၊ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီနိုင်ငံ တည် ထောင်ပြီး ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲမှာပဲထားရှိလိုသူတွေက ၄၃၆ ကိုပြင်ချင်ကြတယ် ။ ထောက်ခံကြတယ် ၊ ဆန္ဒ ဖော်ထုတ်ကြတယ် ။

၄၃၆ ပြင်ချင်တဲ့သူ ပြင်ဖို့လုပ်ဆောင်တဲ့သူတွေက တိုင်းပြည်ကို စစ်ဖိနပ်အောက်က ဆွဲထုတ်ဖို့ကြိုးစားတဲ့သူ ၊ ၄၃၆ မပြင်ရေးအားထုတ်တဲ့သူတွေက တိုင်းပြည်ပေါ် နင်း ထားတဲ့စစ်ဖိနပ်ကို တစ်ဆံခြည်စာမျှ မရွေ့ရ ၊ မဖယ်ရအောင် ရင်နဲ့အပ် ၊ လက်နှစ်ဖက်နဲ့ ပွေ့ပိုက်ပြီး လူမိုက်အားပေးနေတဲ့သူ လို့ ခြားခြားနားနား မြင်သာပါပြီ ။ လူစင်စစ် နဲ့လူယောင်ဆောင်နေတဲ့ ဘီလူးကို ကွဲပြားကြပါပြီဗျာ ။


ထင်လင်းဦး(Wisdom Villa)