ဝဖြိုးလွန်းသည့် ရုပ်အလောင်းကို ဩစတြေးလျ ရေခဲတိုက် လက်မခံ

ပို့စ်တင်ချိန် - 6/19/2014 07:33:00 PM


သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းမှာ အလွန်ဝနေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဩစတြေးလျ ရေခဲတိုက် တစ်ခုက ငြင်းဆန်ခဲ့သည်။

ဈာပနလုပ်ငန်းများအတွက် စီစဉ်ညွှန်ကြားသည့် အမျိုးသမီး တစ်ဦးက ရေခဲတိုက်က ရုပ်အလောင်းကို လက်ခံရန် ငြင်းဆိုမှုကြောင့် အဆိုပါ အလောင်းကြီးကို မိမိ၏ ကားနောက်ခန်းတွင်ပင် ထည့်ထားပြီး နေအိမ်၌ တစ်ညတာ ထားရှိခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဂျိုအန်နာ ကမ်မင်းစ်က သူမသည် ကီလိုဂရမ် (၂၀၀)ထိ အလေးချိန်ရှိသော အလောင်းကို ရေခဲတိုက်သို့ သွားရောက်အပ်နှံ ပို့ဆောင်သော်လည်း ရေခဲတိုက် ဝန်ထမ်းများက လက်မခံသည့်အတွက် နေအိမ်ခြံဝင်းထဲတွင်ပင် ထားရှိခဲ့ရပြီး မပုပ်သိုး မပျက်စီးအောင် ကားအတွင်း လေအေးပေးစက်ကိုလည်း တစ်ညလုံး ဖွင့်ပေးထားခဲ့ရကြောင်း ဆိုသည်။

“ရေခဲတိုက်က လက်မခံတဲ့နောက် ရီအိုဘောင်းန်က ကျွန်မရဲ့အိမ်ထိ ပြန်ရောက်အောင် (၂)နာရီ ကားမောင်းပြီး ရုပ်အလောင်းကို ပြန်သယ်လာရတယ်။ ပြီးတော့ တစ်ညလုံး ကျွန်မရဲ့ ကားထဲမှာပဲ ထားခဲ့ရပါတယ်”ဟု ကမ်မင်းစ်က ပြောကြားခဲ့သည်။

“တစ်ညလုံး လေအေးပေးစက် ဖွင့်ထားခဲ့ရတယ်။ နာရီဝက်ကြာတိုင်း တစ်ကြိမ်လောက်လည်း သွားသွားပြီး စစ်ဆေးရပါတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကျွန်မက အအေးပေးစနစ်ပါတဲ့ ကွန်တိန်နာ တစ်လုံးငှားပြီး ရုပ်အလောင်းကို ပြောင်းရွှေ့ထားလိုက်ရတယ်”ဟုလည်း သူမက ဆက်လက် ပြောဆိုသွားသည်။

ကမ်မင်းစ်သည် ဩစတြေးလျ အနောက်မြောက်ပိုင်းရှိ Pilbara ဈာပန ဝန်ဆောင်မှု လုပ်ငန်းကို ပူးတွဲပိုင်ဆိုင်သူ တစ်ဦးဖြစ်သည်။ သူမက ရေခဲတိုက် ဝန်ထမ်းများသည် ပြီးခဲ့သည့် နှစ်ကလည်း ကီလိုဂရမ် (၂၅၀)ကျော် အလေးချိန်ရှိသည့် အလောင်းတစ်လောင်းကို အအေးခန်း သေတ္တာများနှင့် မဝင်ဆံ့ဟုဆိုကာ လက်ခံရန် ငြင်းဆိုခဲ့ဖူးကြောင်းလည်း စွပ်စွဲခဲ့သေးသည်။

_Ref: Channelnewsasia
7day news journal