ပေါက်တောမြို့နယ်တွင် အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 6/19/2014 05:56:00 AM


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် အမျိုးသမီးငယ်နှစ်ဦး ယနေ့ ရေနစ်သေ ဆုံးသွားကြောင်း သတင်းရရှိသည်။ ယင်းသေဆုံးသူများမှာ ပေါက်တောမြို့နယ်၊ပုဏ္ဏားကြီးကျေးရွာမှ မခင်အေးနွယ် အသက် ၁၉ နှစ်(ဘ) ဦးလှမောင်နှင့် မခင်ထွေးဦး အသက် ၁၆ နှစ်(ဘ) ဦးဖြူဒေါင်း တို့ဖြစ်ကြကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦးမှာ ယနေ့နံနက်(၁၀)နာရီအချိန်က ဟင်းခူးရန် ပုဏ္ဏားကြီးရွာအနီးရှိ ကျံခွာချောင်းအား လက်ဖြင့် ဖြတ်ကူးစဉ် ရေနစ်သေဆုံးသွားခြင်းဖြစ်ကြောင်း ပေါက်တောမြို့နယ်ရဲတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ယခုအခါ အဆိုပါအမျိုးသမီးနှစ်ဦး၏ အလောင်းမှာ ပေါက်တောမြို့နယ် ဆေးရုံသို့ရောက်ရှိလာပြီး ရင်ခွဲစစ်ဆေးနေကြောင်း ပေါက်တောမြို့နယ် ဆရာဝန်ကြီးက အတည်ပြုပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း ယနေ့ ညနေပိုင်းက အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ စစ်တွေမြို့ မင်းဂံအကွက်(၄)မှ ဦးမောင်မြင့်စိုး အသက်-၃၅ နှစ် (ဘ)ဦးမောင်မဲထွန်းအောင် ဖြစ်ကြောင်း စစ်တွေမြို့ ရဲတာဝန်ရှိသူတစ်ဦး က နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ယင်းအမျိုးသား ကြိုးဆွဲချသေဆုံးရသည့်အကြောင်းကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာန