မဟာသန္တိသုခကျောင်းတိုက်ကိစ္စ ရှင်းလင်းခဲ့သော ဦးအံ့မောင်မှာ ယခင်အစိုးရ နအဖရုံး အကြံပေးဖြစ်ပြီး သမ္မတရုံး အကြံပေးအဖြစ် ဆက်လက်တာဝန် ပေးအပ်ခံထားရသူသာဖြစ်ကာ သမ္မတအကြံပေး မဟုတ်ဟု ဦးရဲထွဋ် ရှင်းလင်း

ပို့စ်တင်ချိန် - 6/19/2014 07:25:00 AM


မဟာသန္တိသုခကျောင်းတိုက်ကိစ္စ ရှင်းလင်းခဲ့သော ဦးအံ့မောင်မှာ ယခင်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အကြံပေးဖြစ်ပြီး အစိုးရသစ်လက်ထက် သမ္မတရုံး အကြံပေးအဖြစ် ဆက်လက်တာဝန် ပေးအပ်ခံထားရသူဖြစ်ကာ သမ္မတအကြံပေး မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ရှင်းလင်းပြောကြားသည်။

တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့်အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေးအရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို လက်မခံဘူးဆိုပါက ကြိုက်သည့်တရားရုံးတွင် တရားစွဲလို့ရသည်ဟု ဇွန် ၁၁ ရက်က ရန်ကုန်မြို့တွင် သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဆိုသူ ဦးအံ့မောင်က ရှင်းလင်းပြောကြားသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးတွင် ဦးအံ့မောင် အပါအ၀င် အကြံပေးပုဂ္ဂိုလ် ငါးဦးရှိခဲ့သည်ဟု ဦးရဲထွဋ်က ရှင်းပြသည်။

“အစိုးရသစ် လက်ထက်မှာ နယကရုံးကို အခြေခံပြီး နိုင်ငံတော်သမ္မတရုံး ဖွဲ့တဲ့အခါ သူတို့ရဲ့ ပညာ၊ အတွေ့အကြုံအရ သမ္မတရုံး အကြံပေးများအဖြစ် ဆက်လက်တာဝန် ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က သက်ဆိုင်ရာ ၀န်ကြီးဌာနများက လိုအပ်ရင် အကြံပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဆရာ ဦးအံ့မောင်ဆိုရင် သာသနာရေး ၀န်ကြီးဌာန ရန်ကုန်ရုံးခွဲမှာပဲ လိုအပ်တဲ့ အကြံပေးမှုများကို လုပ်ပါတယ်” ဟု ဦးရဲထွဋ်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဦးအံ့မောင်သည် သမ္မတရုံး အကြံပေးဖြစ်ကြောင်း၊ သမ္မတရုံးအကြံပေးနှင့် သမ္မတအကြံပေး မတူညီကြောင်း၊ ထောက်ပံ့ကြေးနှင့် အခြားခံစားခွင့်များလည်း ကွာခြားကြောင်း၊ သမ္မတအကြံပေးများက နေပြည်တော်တွင် သီးခြားရုံးခန်းထားရှိပြီး နိုင်ငံတော်သမ္မတမှ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်နေကြောင်း ၎င်းကဆိုသည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က “ဦးကိုကိုလှိုင်၊ ဒေါက်တာအောင်ထွန်းသက်တို့လို ပုဂ္ဂိုလ်များက နိုင်ငံတော်သမ္မတရဲ့ အကြံပေးများ ဖြစ်ပါတယ်။ သူတို့က ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ခန့်ထားတာဖြစ်ပြီး လက်ရှိလည်း သမ္မတရဲ့ အကြံပေးများအဖြစ် ပုံမှန်လုပ်ငန်း ဆောင်ရွက်နေပါတယ်။ Personal Advisers များ ဖြစ်ပါတယ်။ ဦးအံ့မောင်တို့နဲ့ သဘောသဘာဝ မတူပါဘူး။ ဦးအံ့မောင် သတင်းစာရှင်းလင်းပွဲ တက်တာဟာ နိုင်ငံတော်သမ္မတရုံးက တာဝန်ပေးတာ မဟုတ်ပါဘူး။ သူတာဝန်ထမ်းဆောင်နေတဲ့ သာသနာရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ တက်ရောက်တာသာ ဖြစ်ပါတယ်။ ဦးအံ့မောင်ကို သမ္မတအကြံပေးလို့ပြောရင် မှားပါတယ်” ဟု ရှင်းလင်းပြောကြားသည်။

မဟာသန္တိသုခကျောင်းတိုက်မှ သံဃာတော်များအား လူဝတ်လဲပြီး အင်းစိန်ထောင်သို့ ပို့ခဲ့သည့်ဖြစ်ရပ်မှာ သံယာတော် အများအပြားကို ၀ိနည်းနှင့် မညီညွတ်ဟုဆိုကာ အတင်းအကျပ် လူဝတ်လဲစေပြီး ထောင်သွင်းအကျဉ်းချခဲ့သော စစ်အစိုးရ၏ လုပ်ရပ်နှင့် ဆင်တူသည်ဟု သုံးသပ်မှုများလည်း ရှိခဲ့သည်။

Eleven Media