မြန်မာကျောင်းသားများအတွက် ပညာသင်ဆု လေးမျိုး ဂျပန်အစိုးရ ခေါ်ယူ

ပို့စ်တင်ချိန် - 4/28/2014 12:35:00 PM


ရန်ကုန်၊ ဧပြီ ၂၇

ဂျပန်နိုင်ငံတွင် အဆင့်မြင့်ပညာ ဆက်လက်သင်ယူလိုသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်အစိုးရက ၂၀၁၅ ပညာသင်နှစ်တွင် အကျုံးဝင်မည့် ပညာသင်ဆု အမျိုးအစား လေးခုကို စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ထုတ်ပြန်သည်။

သုတေသန နယ်ပယ်၊ ဘွဲ့ကြိုတန်းနှင့် နည်းပညာကောလိပ် သင်တန်းသားများအတွက် ပညာသင်နှစ်အလိုက် ထောက်ပံ့မှုများပေးရန် စီစဉ်ထားကြောင်း၊ ယင်းအပြင် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူများအတွက် သုံးနှစ်ကြာ ပညာသင် ထောက်ပံ့မှု အစီအစဉ်လည်း ပါဝင်ကြောင်း အဆိုပါသံရုံးက စုံစမ်း သိရှိရသည်။

ပညာသင်ဆု အားလုံးအတွက် ဂျပန်ဘာသာစကား ကျွမ်းကျင်ရန် လိုအပ်ပြီး အင်တာဗျူးနှင့် ရေးဖြေ စာမေးပွဲများ ဖြေဆိုရမည် ဖြစ်ကြောင်း၊ ဘွဲ့ကြိုတန်း လျှောက်ထားမည့်သူများသည် ဂျပန်ဘာသာ အပါအဝင် ဘာသာရပ် အနည်းဆုံး သုံးခု ဖြေဆိုရန် သတ်မှတ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုတေသန တန်းအတွက် လျှောက်ထားသူများက လွဲ၍ ပညာသင်ဆု သုံးခုစလုံးတွင် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း မွေးဖွားသူများသာ လျှောက်ထားနိုင်ကြောင်း၊ သုတေသန တန်းအတွက်မူ ၁၉၈၀ ခုနှစ်နောက်ပိုင်း မွေးဖွားသူများသာ လျှောက်ထားရမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ပညာသင်ဆု တစ်မျိုးချင်းစီအလိုက် အသေးစိတ်သိရှိလျှင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် ကျောင်းသားဟောင်းများအသင်း (MAJA) ကို ဆက်သွယ် မေးမြန်းနိုင်သည်။

ယင်းအပြင် ဂျပန်အစိုးရ ပညာသင်ဆုများ အကြောင်းကို www.mext.go.jp တွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်သည်။

မြန်မာကျောင်းသူ၊ ကျောင်းသားများအတွက် ဂျပန်ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်မှု အားနည်းသော်လည်း အင်ဂျင်နီယာ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ်နှင့် နည်းပညာ ဘာသာရပ်များကို လေ့လာလိုသူများအတွက် ဂျပန် အဆင့်မြင့်တက္ကသိုလ်များနှင့် ပတ်သက်၍ လေ့လာထားသင့်ကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက အကြံပြုသည်။

ယခင်က ဂျပန်ပညာသင်ဆုများကို အစိုးရတက္ကသိုလ်များတွင် တက်ရောက်နေသူများသာ ပေးသော်လည်း လက်ရှိအချိန်တွင် မည်သူမဆို လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် လျှောက်ထားသူများအနေနှင့် ဂျပန်ဘာသာစကားကို အခြေခံ ရေးနိုင်၊ ပြောနိုင်ရန် လိုအပ်ပြီး ဘာသာစကား ကွဲပြားမှုအပေါ် စိုးရိမ်စိတ် မထားသင့်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

The Voice Weekly