အကောင်းဆုံး အသင်းက အနိုင် ရခဲ့ခြင်းဟု မော်ရင်ဟို ကြွေးကြော်

ပို့စ်တင်ချိန် - 4/28/2014 12:51:00 PM


အန်းဖီးလ်တွင် ရင်ဆိုင်သည့် နှစ်သင်းအနက် အကောင်းဆုံးအသင်းက အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားခဲ့သည်။

ချယ်လ်ဆီးသည် အရန် ကစားသမား အများအပြားကို အသုံးပြု ပွဲထွက်လာပြီးနောက် အဝေးကွင်းတွင် လက်ရှိ အမှတ်ပေးဇယား ဦးဆောင်သူ လီဗာပူးလ်ကို ခံစစ်အားပြု တန်ပြန်တိုက်စစ် ကစားပြီး (၂-၀)ဖြင့် အနိုင်ရခဲ့သည်။ စတီဗင်ဂျရတ်၏ အမှားမှတစ်ဆင့် ဒမ်ဘာဘားက ဦးဆောင်ဂိုး သွင်းယူပြီး ပွဲပြီးခါနီးတွင် လီဗာပူးလ် တစ်သင်းလုံး စုပြုံတက်ဖိနေရာမှာ ဖာနန်ဒိုတောရက်စ် လွတ်ထွက်သွားပြီး ခင်းပေးသည်ကို ဝီလျံက အသာအယာ ပိတ်သွင်းပြီး ချယ်လ်ဆီးတို့ အနိုင်(၃)မှတ် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုပွဲတွင် လီဗာပူးလ်က တစ်ဖက်သတ် ဖိကစားခဲ့သော်လည်း ချယ်လ်ဆီးခံစစ်ကို ကျော်ဖြတ်နိုင်ရန်မူ အကောင်းဆုံး အနေအထားမျိုးသို့ မရောက်ရှိခဲ့ချေ။

“အကောင်းဆုံး အသင်းက နိုင်သွား တာပဲလေ။ ဒါက ကျွန်တော့်အမြင်ကို ပြောတာပါ”ဟု မော်ရင်ဟိုက ဆိုသည်။ ယခုပွဲနှင့် ပတ်သက်ပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ချယ်လ်ဆီးသည် ခံစစ်ကို အလွန်အကျွံ အားပြုကြောင်း ဝေဖန်ခဲ့သလို မီဒီယာများက ယင်းကစားဟန်နှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ ပေါ်တူဂီသား မန်နေဂျာက “ခံစစ်ကစားပုံ ဟုတ်လား။ မီဒီယာတွေက ခံစစ်ကစားတယ် ဆိုတဲ့အပေါ် ဘယ်လိုမှတ်ယူသလဲ ဆိုတာကို ကျွန်တော် နည်းနည်း ခေါင်းရှုပ်သွားပြီ။ အသင်းတစ်သင်းက ခံစစ်တော့ ကစားပါရဲ့။ နှစ်ဂိုး၊ သုံးဂိုးလောက် ပေးလိုက်ရပြီး ရုပ်ပျက်ဆင်းပျက် ရှုံးသွားတယ်ဆိုရင် ဒါကို ခံစစ်ကစားပုံလို့ လူတွေယူဆမှာတဲ့လား”ဟု တန်ပြန်မေးခွန်းထုတ်ခဲ့သည်။

၎င်းက “လီဗာပူးလ်ဟာ လေထဲကို ဘောလုံးတွေစပြီး ရိုက်တင်နေချိန်မှာ မာ့ခ်ရှဝါဇာ၊ ဂယ်ရီကာဟေးလ်နဲ့ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်တို့က ငါးတွေကို ရေထဲလွှတ်ပေးလိုက်သလို အကြိုက်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကစားပုံမျိုးကို ထိန်းဖို့က သူတို့အတွက် သိပ်ကိုလွယ်နေလို့ပါ။ ချယ်လ်ဆီးဟာ ထက်ထက်မြက်မြက် ကစားနိုင်ခဲ့တယ်။ အသင်းသားတိုင်း အပျံစားပါပဲ။ ဘာအမှားမှ မရှိခဲ့ဘူး။ ကျွန်တော့် ကစားသမားတွေဟာ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့် အနေနဲ့ အသိအမှတ်ပြု ခံချင်နေတာ မဟုတ်ပါဘူး။ ကစားသမားတွေ အတွက်ပဲ ကျွန်တော်ပျော်မိတယ်။ သူတို့ရဲ့ အားထုတ်မှုကို ကျွန်တော် ဘယ်လောက် ကျေနပ်နေသလဲ ဆိုတာကို သူတို့သိတယ်လေ။ ဒါဟာ ကျွန်တော့်ဆီက သူတို့ လိုအပ်နေတဲ့ အရာလည်း ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။

မီဒီယာများက ချယ်လ်ဆီးသည် လီဗာပူးလ်ကို အချိန်ဆွဲပြီး အနှောင့်အယှက်ပေး ကစားသွားခြင်းအပေါ် မေးမြန်းခဲ့ရာ မော်ရင်ဟိုက “အချိန်ဆွဲသတဲ့လား။ အဲဒါက ဘာကိုပြောတာလဲ။ တစ်ရာသီလုံး ကျွန်တော်တို့ ပွဲတွေ အများကြီး ကစားခဲ့တုန်းက ခင်ဗျားတို့ ဒါမျိုးတစ်ခါမှ မပြောဖူးဘူးနော်”ဟု တုံ့ပြန်သွားသည်။

Ref:Dailymail
Soccer Myanmar