ယာယီမန်နေဂျာ ဂစ်၏ ပွဲဦးထွက်တွင် ဂိုးပြတ် အနိုင်ရခဲ့သည့် မန်ချက်စတာယူနိုက်တက်

ပို့စ်တင်ချိန် - 4/28/2014 12:04:00 PM


ပရီးမီးယားလိဂ် ပွဲစဉ် (၃၆) မန်ချက်စတာယူနိုက်တက်နှင့် နော်ဝစ်ခ်ျစီးတီး ပွဲစဉ်တွင် ယူနိုက်တက်က ၄-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

မန်ချက်စတာယူနိုက်တက်တွင် ဒီဂီယာ၊ ဂျုံးစ်၊ ဗီဒစ်၊ ဖာဒီနန်၊ အီဗရာ၊ ဗလင်စီယာ၊ ကာရစ်၊ ကလီဗာလေ၊ ကာဂါဝါ၊ ဝဲလ်ဘက်ခ်၊ ရွန်နီတို့ဖြင့် ပွဲထွက်ခဲ့သည်။

နော်ဝစ်ခ်ျတွင် ရူဒီ၊ ဝစ်တိတ်ကာ၊ မာတင်၊ တန်နာ၊ အောလ်ဆန်၊ ဂျွန်ဆင်၊ ဖာ၊ ဟောင်ဆန်၊ စနော့ဒ်ဂရက်စ်၊ ရက်ဒ်မွန်၊ ဝုဖ်ဝင်ကယ်လ် တို့ပါဝင် ကစားခဲ့သည်။

ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယာယီ မန်နေဂျာဖြစ်လာသည့် ရိုင်ယန်ဂစ်၏ ပွဲဦးထွက် ပွဲစဉ်တွင် ယူနိုက်တက်က နော်ဝစ်ခ်ျကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ ပထမပိုင်းတွင် ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ပွဲကို စိုးမိုးထားနိုင်ခဲ့သည်။ ၁၄ မိနစ်တွင် ဂိုးဧရိယာထိပ်နားမှ ဝဲလ်ဘက်ခ်၏ မြေမကျ ကန်သွင်းချက်ကို ဂိုးသမား ရူဒီ ပုတ်ထုတ်ကာကွယ်ခဲ့သည်။ ၃၉ မိနစ်တွင် ညာခြမ်းမှ ဗလင်စီယာ၏ အားပြင်းသည့် ကန်သွင်းချက်ကိုလည်း ရူဒီ ရှင်းထုတ်နိုင်ခဲ့သည်။ ၄၁ မိနစ်တွင် ဂိုးဧရိယာအတွင်း ဝဲလ်ဘက်ခ်ကို ဆွဲထားသောကြောင့် ရရှိသည့် ပင်နယ်တီကို ရွန်နီက အမှားအယွင်းမရှိ ကန်သွင်းပြီး ယူနိုက်တက် အတွက် အဖွင့်ဂိုး ရယူခဲ့သည်။

ဒုတိယပိုင်းတွင်လည်း ယူနိုက်တက်ကသာ ပွဲကို ဆက်လက်စိုးမိုးခဲ့ပြီး ၄၈ မိနစ်တွင် ဂိုးဧရိယာအပြင်မှ ဝိန်းရွန်နီက အပြင်းကန်သွင်းပြီး အိမ်ရှင်အတွက် ဒုတိယဂိုး သွင်းယူခဲ့သည်။ ၅၄ မိနစ်တွင် အီဗရာ၏ ကန်သွင်းချက်မှ တစ်ဆင့် ဝဲလ်ဘက်ခ်၏ မြေမကျ ကန်သွင်းချက်ကို နော်ဝစ်ခ်ျ ဂိုးသမား ကာကွယ်ခဲ့ရသည်။ ၆၄ မိနစ်တွင် လူစားဝင် ကစားသမား မာတာက ဂျုံးစ်၏ ဖြတ်တင်ဘောမှတစ်ဆင့် ယူနိုက်တက် အတွက် တတိယဂိုး သွင်းယူခဲ့သည်။ ၆၆ မိနစ်တွင် နော်ဝစ်ခ်ျ ကစားသမား ဂျွန်ဆင်၏ ကန်သွင်းချက် ဂိုးဘေးထွက်ခဲ့သည်။ ၇၃ မိနစ်တွင် ညာခြမ်းမှ ဗလင်စီယာ၏ ဖြတ်တင်ဘောကို မာတာကပင် ခေါင်းတိုက် သွင်းယူခဲ့သောကြောင့် ယူနိုက်တက်က စတုတ္ထဂိုး ရရှိခဲ့သည်။ ၉၀ မိနစ်တွင် အောလ်ဆန်၏ ကန်သွင်းချက် ဂျုံးစ်နှင့် ထိကာ လမ်းကြောင်းပြောင်းပြီး တိုင်ထိထွက်ခဲ့သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပို ၃ မိနစ်တွင် တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ဂိုးသမားနှင့် တစ်ဦးချင်းတွေ့ကာ ဂိုးသွင်းခွင့် ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ပွဲအပြီးတွင် ယူနိုက်တက်က နော်ဝစ်ခ်ျကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်၏ ပွဲဦးထွက် အဖွင့်လှခဲ့သည်။

Soccer Myanmar